Thursday, July 17, 2008

မင်းလားကွ အကောင်းမြင်သမား


( ၁ )

သူက အရာရာကို အကောင်းမြင်တတ်သည်။

ဒါကြောင့်လည်း ဟိုတလောက မုန်တိုင်းဝင်လို့ တစ်မြို့လုံး ၀ရုန်းသုန်းကားနဲ့ သောကမိုးတိမ်တွေ အပြိုင်အဆိုင် အုံ့နေကြချိန်မှာ သူက လျှို့ဝှက်တဲ့ ဖြေဆေး ငုံထားတဲ့ ကျောက်ဆစ်ရုပ်တစ်ရုပ်လို အေးတိအေးစက်နဲ့ ပြုံးလို့တောင်နေနိုင်ခဲ့တာပေါ့။

ဟုတ်တယ်လေ...ဒါ....တစ်ဦးတစ်ယောက်ထဲကိုပဲ ရွေးချယ်သက်ရောက်ခဲ့တဲ့ ပုဂ္ဂလကျိန်စာ တစ်ခုမှ မဟုတ်တာ။


အားလုံးအပေါ် သာတူညီမျှဖြန့်ကြဲထိုးနှက်လိုက်တဲ့ ဘုံဆန်သော အများပိုင်ကျိန်စာ တစ်ခုဆိုတော့ အဲဒီကျိန်စာကြီး တစ်ခုလုံးကိုတည်…ပြီးတော့ ဒုက္ခသည် အရေအတွက်နဲ့ စားလိုက်ရင် ဒုက္ခသည် တစ်ယောက်ခြင်းစီအတွက် ထွက်လာတဲ့ ဒုက္ခရာရှင်ခွဲတမ်းက မပြောပလောက်အောင် သေးငယ်သွားတော့တာမို့ အဲ့ဒီကျိန်စာဆိုတာကလည်း အလိုအလျှောက် ပျက်ပျယ်တဲ့သဘော ရောက်သွားတော့တာပါပဲ။ ခွဲဝေမျှယူပြီးချိန်မှာ အဲ့ဒီ ဒုက္ခဆိုတာကြီးက ရောက်ချင်တိုင်းတောင် ရောက်လို့မရနိုင်တော့တဲ့ ရှားပါးသော စိတ္တဇနမ်တစ်ခု ဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဒါ...အများဆိုင်ကျိန်စာကြောင့်ဖြစ်တဲ့ ဘုံဆန်သော သောကတို့ရဲ့ အားသာချက်ပါပဲ။

ဒါပေမယ့် အဲ့ဒီအားသာချက်ကို ခံစားနိုင်ဖို့က ကိုယ့်ဆီမှာ ဒုက္ခကို ကိုယ်ယောင်ဖြောက်ပြစ်ချင်တဲ့ စိတ်ကလေးတစ်ခုတော့ ရှိနေဖို့ လိုလိမ့်မယ်။ အဲဒီစိတ်ကို ကျုပ်က အကောင်းမြင်စိတ်လို့ခေါ်တယ်။

အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ အမြင်မှာတော့ တွေဝေအားငယ်စိတ်ဝင်နေခြင်းဟာ လက်ရှိပစ္စုပန်ကြီးကို အနည်ထ နောက်ကျိလာအောင် ပြုလုပ်နေခြင်းဖြစ်ပြီး ဟိုး…အတိတ်ဆိုတာကိုလည်း ဘယ်လိုမှ အာပါတ်ပြန်ဖြေမပေးနိုင်တော့ အဲ့ဒီသောကမိုးတိမ်တွေ ဝေတဲ့ကိစ္စကို သူက အပိုအလုပ်တစ်ခုလို သတ်မှတ်ပြီး ဘယ်တုန်းကမှ လူရာမသွင်းခဲ့တာပေါ့။

ပြီးတော့ ဒီကိစ္စက ရာသီဥတုဖေါက်ပြန်မှုကြောင့် သဘာဝချုပ်ရိုးပြေသွားတဲ့ ကိစ္စဆိုတော့ ပစ္စုပ္ပန်နဲ့အပြိုင် ရေလိုက်ငါးလိုက်နေပြီး မေ့မေ့ပျောက်ပျောက်ဆိုတဲ့ ဥပေက္ခာအပ်ချည်တွေနဲ့ အတိတ်ကိုမသိမသာ ပြန်လည်ဖာထေးနေခြင်းကပဲ သူ့တို့တစ်တွေအဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေတယ် မဟုတ်လား။

ဘာပဲဖြစ်ဖြစ်လေ…..နိုင်ငံတော်ရဲ့ တရားဝင်စာရင်းဇယားတွေအရ ဧရာဝတီတိုင်းဖက်မှာ လူတွေ၊ ဘာတွေတောင် သေကြသေးတယ်ဆိုတော့…ဒါ..သူတို့လို ရန်ကုန်သားတွေအတွက်ကတော့ ကံကောင်းတာပဲပေါ့။

ဟို…ဟောင်းလောင်းပေါက်ဖြစ်သွားတဲ့ မြို့ပြင်က သူ့တဲစုတ်လေး.... ပြန်မမိုးနိုင်တဲ့ကိစ္စလား။ ဒါက သိပ်မပြောပလောက်ပါဘူး။ နံရံတွေ ၊ ဘာတွေ ကျန်နေသေးတယ်ဆိုတော့ ခေါင်မိုးတွေရှိမနေလည်း ဘာအရေးလည်း။ ညဘက်ဆို ကြယ်တွေကို ရေတွက်ပြီး ကဗျာဆန်ဆန်လေးတောင် အိပ်ရာဝင်နိုင်သေးတယ်...ဟုတ် ။ အဲ့ဒါမျိုးကိုပြောတာပေါ့…..... သဘာဝတရားက ချီးမြှင့်တဲ့ ကံကောင်းခြင်း လက်ဆောင်ပန်းချီကားဆိုတာ…

သူက အဲဒီလောက်….....အဲဒီလောက်တောင် အရာရာကို ခွဲခြမ်းစိတ်ဖြာတဲ့နည်းနဲ့ ဖြည့်တွေးပြီး မရရအောင် အကောင်းမြင်တတ်သည်။ အဲ့ဒါတွေကြောင့်လည်း ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကြောင်းကြောင့် ဘယ်သူတွေ ဘယ်လိုပဲ သွေးပျက်နေနေ သူကတော့ ကာလ၊ ဒေသ၊ ပရောဂ ဘယ်တော့မှ ဈေးမဆစ်ပဲ အမြဲစိတ်ချမ်းသာအောင် နေတတ်ခဲ့သည်။

ဒါဆို အခြားသူတွေကရော။ အဲ့ဒါကိုတော့ သူမသိ။……. စိတ်ဝင်စားခြင်း အလျှင်းမရှိဟု ပြောရင်တော့ ပိုမှန်နေလိမ့်မယ်။

ဒါပေမယ့် ခုတလော ဆင်ခြေဖုန်းရပ်ကွက်တွေထဲမှာ သောကမိုးခြိမ်းသံတွေနဲ့ ရောနှောပြီးပါလာတတ်တဲ့ အော်ဟစ်သံတွေက သိပ်ပြီးဆူညံလွန်းနေတော့ ဒါတွေကို သူမကြားချင်လည်း ကြားနေရတော့တာပါပဲ။ အခြား....ထွေထွေထူးထူး အသံဗလံတွေတော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်သူ လူကြီးမင်းတွေအပေါ် ဝေဖန်ပြစ်တင်ကြိမ်းမောင်းနေတဲ့ အသံတွေပဲပေါ့။ အထူးသဖြင့် မုန်တိုင်းနဲ့ပါတ်သက်ပြီး လူကြီးမင်းတို့ရဲ့ ပြုမူတုန့်ပြန်ချက်တွေအပေါ် အစာမကြေဖြစ်ကြလို့ ဆဲဆိုကြိမ်းမောင်းနေတဲ့...ဖရုသ၀ါစာတွေ။

ဒီလို သဘာဝတရား ချုပ်ရိုးပြေသွားတဲ့ကိစ္စကို ဘာမှ မသက်ဆိုင်တဲ့ သူတွေအပေါ်ပုံချတာ သိပ်တော့မတရားဘူးလို့ သူ့စိတ်ထဲက ထင်မိပေမယ့် လူတွေနဲ့ ထုတ်ဖေါ်ငြင်းခုန်တာတွေ၊ ဘာတွေတော့ သူလုပ်မနေတော့ပါဘူး။ ဒါကလည်း အများနဲ့ တစ်ယောက်ဖြစ်နေလို့ဆိုတဲ့ သူရဲဘောခပ်ကြောင်ကြောင် ဆင်ခြေတစ်ခုထက် နဂိုတည်းက ခပ်အေးအေးနေတတ်တဲ့ သူ့ရဲ့ ၀သီကြောင့်လို့ပဲ ဆိုချင်တယ်။

ဘာပဲဖြစ်ဖြစ် ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေအရ သူတို့လည်း တတ်နိုင်သလောက်တော့ လုပ်ပေးနေကြတာပဲ။ ကြည့်ပါလား.....အခုဆို ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေတောင် စတင် အကောင်အထည်ဖေါ်နေကြပြီ တဲ့.....။ ဒါတောင် လူတွေက အမြင်မကြည်လင်ကြဘူးဆိုရင်တော့ “အင်း…ခက်တယ်ဗျာ” ဆိုတာကလွဲလို့ သူလည်း ဘာမှမပြောနိုင်တော့ပါဘူး။

သူတို့ခင်ဗျာ လူပေါင်းသန်း ( ၆၀ ) လောက်ကို စီမံခန့်ခွဲပြီး စနစ်တကျအုပ်ချုပ်နေရတဲ့ တာဝန်ကတစ်ဖက်၊ တခါတလေမထင်မှတ်ပဲ ညောင်ပင်တစ္ဆေလို ဘွားကနဲပေါ်လာတတ်တဲ့ ဟိုတလောက မုန်တိုင်းလို ကိစ္စမျိုးတွေကို ဒိုင်ခံပြီး ဖြေရှင်းနေရတာက တစ်ဖက်ဆိုတော့ အလုပ်တာဝန်တွေထဲမှာ အမြဲပိနေတတ်ကြတယ်လေ။ အဲဒီတော့လည်း တစ်စုံတစ်ယောက်ခြင်းစီရဲ့ တစ်သီးပုဂ္ဂလ အာသီသတွေကို ဘယ်လိုလုပ်ပြီးတော့များ ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်တော့မှာလဲ။

သူတို့ခမျာ နေ့မအားညမအား အလုပ်ယူနီဖေါင်းတွေထဲမှာ နှစ်မြုပ်နေရပြီး သူတို့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုတောင် နိုင်ငံတော်အတွက် ပုံအပ်ထားရတာဆိုတော့ ဘယ်လိုပြစ်တင်ကြိမ်းမောင်းမှုမျိုးကမှ သူတို့နဲ့ မထိုက်တန်ဘူးလို့ သူကတော့ ထင်မိတာပါပဲ။ နိုင်ငံတော်ရဲ့ ကံကြမ္မာကိုယ်တိုင်ကိုယ်က ဆိုးရွားမွဲတေလွန်းနေတော့ သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နိုင်ငံကြီး မစင်တွင်းထဲက ခွေးတစ်ကောင်လို လှုပ်လေ၊ မြုပ်လေဖြစ်နေတာက ဒီနေရာမှာ သူတို့မပြောနဲ့ ဘုရားသခင်ကြီးကိုယ်တိုင် ဆင်းလာပြီးလုပ်မယ်ဆိုရင်တောင် ဘာမှတတ်နိုင်မယ်မထင်ဘူး။

ဒါပေမယ့် ပြောသာပြောနေရတယ်… နိုင်ငံရေးဆိုတာ သူ့လို သာမန်လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ ၀င်ရောက်ဝေဖန်စွက်ဖက်ပိုင်ခွင့် မရှိတဲ့အရာဆိုတော့ “ဘာပဲဖြစ်ဖြစ်လေ…သူတို့လည်းသူတို့ ဥာဏ်ရှိသလောက်၊ ကိုယ်စွမ်းကိုယ်စ ရှိသလောက် ရုန်းပေးနေကြတာပဲ”ဆိုတဲ့ သမာရိုးကျ ကောက်ချက်မျိုးချလိုက်တာတောင် သူ့လို ရိုးရိုးလူတစ်ယောက် အနေနဲ့က တော်တော်ကြီးကို လွန်နေလှပါပြီ။

ပြီးတော့ ဒီခေတ်ထဲမှာ ကျုပ်တို့တွေ လွတ်လပ်သော နိုင်ငံသားတွေအဖြစ် ပိုပြီးကံကောင်းလာတာတွေလည်း ရှိသေးတယ်။ ဟို…လူတွေ အစိုးရကို တိုးတိုးတိတ်တိတ် ဝေဖန်လို့ရတဲ့ မဟာအခွင့်အရေးကြီး အပြည့်အ၀ ရလာတာကို ပြောတာပါ။ မယုံရင် ဟိုး…အတိတ်က သက်ဦးဆံပိုင်ဘုရင်ခေတ်တွေကို ပြန်သွားကြည့်။ အဲဒီခေတ်တွေမှာ ဘုရင့်မျက်နှာတော်ကို မော့ကြည့်ပြီး ဘယ်လိုသာမန်လူတစ်ယောက်ကများ လက်အုပ်ချီဖူးမျှော်ခွင့် ဆိုတာ ရှိခဲ့ဘူးလို့လည်း။ ပြီးတော့ ဘုရင်ကို တိုးတိုးတိတ်တိတ်ဝေဖန်ဖို့ မပြောနဲ့ စိတ်ကူးထဲက ငြိုငြင်ခဲ့ရင်တောင် မနောရာဇဒါဏ်ဆိုတာ သင့်ခဲ့ကြတယ်မဟုတ်လား။ အခုဆို ဘုရင့်မျက်နှာတော်ကြည့်ပြီး လူတန်းစားမရွေး အားလုံး မော်နိုင်ဖူးနိုင်ကြပြီလေ။ ပြီးတော့ အစိုးရဆိုတာကို စိတ်ကူးတွေထဲကတင် မကပဲ အပြင်မှာ ပါးစပ်ကိုဖွင့်ဟပြီး ၀စီကံတွေနဲ့တောင် တိုးတိုးတိတ်တိတ်ဝေဖန်ခွင့်တွေ ဘာတွေရလို့။ ကဲ...မနှိပ်လား။


( ၂ )

ထိုကဲ့သို့ အရာရာကို အကောင်းမြင်တတ်သော စိတ်ဓါတ်ကို အဖေ့ထံမှ သူ အမွေရခဲ့သည်။

ဒါပေမယ့် အဲဒီတစ်ခုထဲလား ဆိုတော့....မဟုတ်။ ဆင်းရဲခြင်း ဆိုတဲ့အမွေကိုလည်း အဖေက လွဲပြောင်းပေးအပ်ခဲ့သေးသည်။

“အဖေတို့အနေနဲ့ ဆင်းရဲပြီးသားဆိုတော့ တခြားသူတွေလို အမြင့်ကပြုတ်ကျမှာတို့၊ စီးပွားဆုတ်ယုတ်မှာတို့၊ အထည်ကြီးပျက်ဖြစ်မှာတို့ကို တွေးပြီးပူနေစရာမလိုတော့ဘူးကွ…ငါ့သားရ။ အဓိက က တစ်နေ့ထမင်းနှစ်နပ် မှန်မှန်စားနေရပြီး အမြဲစိတ်ချမ်းသာနေဖို့ပဲ မဟုတ်လား”

ဒါ… အဖေ အမြဲပြောနေကျ လက်သုံးစကားတစ်ခု။ သူ့စကားနှင့်အညီ အဖေက ကြုံရာကျပန်းလုပ်ပြီး သူ မသေခင်အထိ သူတို့မိသားစုကို ထမင်းနပ်မှန်အောင် လုပ်ကိုင်ကျွေးမွေးသွားခဲ့သည်။ ဒါတောင် အဖေဦးဆောင်တဲ့ သူတို့မိသားစုက အဲဒီခေတ်က ရပ်ကွက်ထဲမှာ အဆင်းရဲဆုံးမိသားစုဝင် နံပါတ်(၁)ကနေ (၃)အတွင်း အမြဲတမ်း ပုံမှန် ဗိုလ်ဆွဲနေကြ။ ဒါပေမယ့် သူတို့မှာ ထမင်းငတ်တယ်ဆိုတာတော့ မရှိဘူးခဲ့။

ဒီလိုနဲ့ အဖေဆုံးပြီး သူ့လက်ထက်လည်းရောက်လာရော အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ဖေဖေ့ လက်ထက်ကလို ထမင်းနပ်မှန်အောင် မစားနိုင်တော့ပေမယ့် ရပ်ကွက်၏ အဆင်းရဲဆုံး မိသားစုဝင်စာရင်းကတော့ သူအလိုလို ရုန်းထွက်လာနိုင်ခဲ့သည်။ သူ ထမင်း အငတ်ခံပြီး ရသမျှငွေတွေ စုနေဆောင်းနေလို့ ချမ်းသာသွာတာလား ဆိုတော့ မဟုတ်။ ဂုဏ်ကျေးဇူး ကြီးမြတ်တော်မူလှသော ဘုရားသခင်၏ လူတန်းစားညှိမှု၊ တနည်းအားဖြင့် တဖြည်းဖြည်း စက္ကူစုတ်ဆန်ဆန်လာသော ငွေကြေးဖောယောင်မှု သီအိုရီကြောင့် သူတို့ဆင်ခြေဖုန်းရပ်ကွက်လေးအတွင်း ဆင်းရဲသူအရေအတွက် ကြောက်ခမန်းလိလိ တိုးပွားလာခဲ့သောကြောင့်ပင်ဖြစ်သည်။


ထို့ကြောင့်…သူ့လက်ထဲမှာ တစ်ပြားမှ ရှိမနေတာတောင် ဘယ်သူကမှ သူ့ကို လူမွဲစာရင်းသွင်း၍ မရတော့။ ကံကောင်းလိုက်ပုံများ.........တစ်နိုင်ငံလုံး သူလိုကိုယ်လို မွဲတေနေတဲ့ကာလဆိုတော့ သူ့ဖေဖေလက်ထက်ကလို ဆင်းရဲသားလို့ အသမုတ်မခံ၊ အနှိမ်မခံရတော့ပဲ သူလိုငါလို သာမန်လူဘ၀မှာ လူမွှေးလူယောင် ပြောင်ပြောင်နဲ့ သူ လက်မထောင် ရင်ကော့ နိုင်ခဲ့ပြီ မဟုတ်လား။


(၃)

မုန်တိုင်းက သူ့အိမ်ဓနိမိုးတွေကို ခွာယူသွားတဲ့ညက သူ့မိန်းမ မငွေသွေး စတုတ္ထမြောက်ရင်သွေးလေး ကို ဥချပေးခဲ့သည်။ မုန်တိုင်းကိုဖက်၍ လူ့လောကထဲ ၀င်လာသော သူ့သားကလေးကို သူက နေ့နံတွေ ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ မိုင်းတုန်မြို့သူ သူ့အမေဇာတိလေးလည်းပါအောင် မုန်တိုင်းဟု အမည်ခပ်လှလှလေး ပေးခဲ့သည်။ ပထမသုံးယောက်က သမီးတွေချည်းပဲဆိုတော့ သားကလေးတစ်ယောက် လိုချင်နေခဲ့တာ သူ့မှာ တစ်ပိုင်းသေလှပြီ။ ထို့ကြောင့်လည်း တစ်နိုင်ငံလုံးက မုန်တိုင်းကို ပြစ်တင်ကြိမ်းမောင်းရင်း အော်ဟစ်ဆဲဆိုနေချိန်မှာ သူက သားဦးလေး ခေါ်ဆောင်ပေးလာတဲ့ ကျေးဇူးရှင်ကြီးကို တိတ်တိတ်လေးကျိတ်ပြီး ဦးတွေ၊ ဘာတွေချမိနေသည့်အပြင် ၎င်းကြီး အသက်ရာကျော်ရှည်ဖို့ ဆုမွန်ကောင်းတွေ၊ ဘာတွေတောင် တောင်းပေးနေမိလိုက်သေးသည်။

ဒါပေမယ့်…သိပ်မကြာလိုက်။ အမိုးအကာမဲ့နေ၍ အတားအဆီးမရှိ ၀င်ရောက်လာသော လေစိမ်း၏ ခပ်ကြမ်းကြမ်းထွေးပွေ့မှုကြောင့် မွေးကင်းစ မောင်မုန်တိုင်းလေး ညကြီးမင်းကြီး ကောက်ကာငင်ကာ ဖျားတော့သည်။ ဒါပေမယ့်…ဒါကလည်း သိပ်အထူးဆန်းကြီးတော့ မဟုတ်။ ကလေးဆိုတာ ဖျားတတ်နာတတ်တဲ့ အမျိုးပဲမဟုတ်လား။

သူ့မိန်းမ မငွေသွေးကတော့ သူ့လိုမဟုတ်။ အရာရာတွင် လွန်ကဲစွာ စိုးရိမ်တတ်လွန်းသူ ပီပီ ကလေးဖျားပြီဆိုကတည်းက ခြေမကိုင်မိလက်မကိုင်မိနှင့် ခရုဆားထိနေသလို မျက်ရည်ကြည်တွေ မျက်လုံးမှ ထွက်ကျလာလိုက်၊ တွန့်လိမ်ကောက်ကွေးပြီး ကလေးကို ခဏခဏစမ်းလိုက်ဖြင့် မပဒ္ဒါက အမေခေါ်ရလောက်အောင် ပျာယာခပ်ပူလောင်နေခဲ့သည်။ ဒါကလည်း မဆန်းပါဘူး။ မိခင်ဆိုတာကလည်း ပူပန်တတ်တဲ့အမျိုး မဟုတ်လား။ မိခင်တို့ ဘာသာဘာဝ သူမ စိတ်ပူနေချင်လည်း ကြိုက်သလောက်သာ ပူနေပါစေ။ သူမရဲ့နံဘေးမှာ အဖြစ်မှန်ကို ကျကျနန ချင့်ချိန်သုံးသပ်ပြီး ပြဿနာကို ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်တဲ့ အကောင်းမြင်ဝါဒီ လင်ယောက်ျားတစ်ယောက် ရှိနေတယ်ဆိုက သူမကို ဒီထက်လွန်ကဲတဲ့ တုံ့ပြန်မှုမျိုးတွေတောင် လုပ်ခွင့်ပြုထားတယ်ဆိုတဲ့သဘော သက်ရောက်နေတယ် မဟုတ်လား။

ဒါပေမယ့် ညကြီး မင်းကြီး ကောက်ခါငင်ခါ ဆေးခန်းထသွားချင်တယ်ဆိုတဲ့ အဆိုပြုချက်မျိုးကိုတော့ သူ့လက်ထဲမှာ တစ်ပြားမှရှိမနေတာကို သိနေတဲ့ သူမ လာရောက်၍ မတင်ပြသင့်။ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ ။ ဆေးခန်းဆိုတာမျိုးက ပြတိုက်လို အလကားဝင်ပြီး စိတ်ကူးယဉ်လို့ရတဲ့ နေရာမျိုးမှ မဟုတ်တာ။ မနက်မိုးလင်းမှ ခါတိုင်းလိုပဲ သူကြုံရာ အလုပ်တစ်ခုခုရှာ။ ညနေလုပ်ခငွေရလာတော့မှပဲ ဆေးခန်းအကြောင်း စိတ်ကူးစယဉ်ကြတာပေါ့လို့ ပြန်ပြောလိုက်တော့ သူ့မိန်းမက သိပ်မကျေနပ်သလို၊ ဘာလိုလို။

ပြီးတော့ အခြေအနေက သိပ်အဆိုးကြီးမဟုတ်လောက်တော့ မနက်မိုးလင်းလောက်ဆို ကလေးက သူ့ဖာသာသူ အဖျားကျချင်လည်း ကျသွားနိုင်တာပဲလေ။ အားလုံး ဘာမှ ကိုယ်တွယ်ထိတွေ့စရာ မလိုပဲ အလိုလို လျှောလျှောရူရူဖြစ်သွားမယ့် အရာတွေထဲမှာ မုန်တိုင်းလေး နေမကောင်းဖြစ်တဲ့ ကိစ္စလည်း ပါချင်ပါနေမှာပေါ့။ ဘယ်သူ ပြောနိုင်မှာလည်း။ အဲ့ဒါကြောင့်လည်း ဘာတွေမှ သိပ်ထွေထွေထူးထူး စိုးရိမ်ပူပန်မနေတော့ပဲ တောင်တွေး မြောက်တွေး ခပ်လွင့်လွင့်ကလေး ဟိုဒီစဉ်းစားရင်း သူ နှစ်နှစ်ချိုက်ချိုက် အိပ်စက်ပြစ်လိုက်သည်။

အိပ်ပျော်တာ ဘယ်လောက်တောင်ကြာသွားလည်း မသိ။ သူပြန်နိုးလာတော့ ညက သူရေတွက်နေခဲ့သောကြယ်တွေတောင် ကောင်းကင်ယံ၌ မရှိတော့။ ဘာလိုလိုနဲ့ မိုးတောင်စဉ်စဉ်လင်းသွားပြီပဲ။

တစ်ညနေလုံး တမှေးမှ မှေးစက်ထားပုံမရသော သူ့မိန်းမ မငွေသွေးကတော့ မျက်တွင်းဟောက်ပက်နှင့် မောင်မုန်တိုင်းလေးဘေးမှာ စိုးရိမ်တကြီးထိုင်ငိုနေတုန်း။

မျက်ရည်စခပ်ကျဲကျဲတွေကို လက်ဖမိုးနှင့် သုတ်ရင်း သူမက လှမ်း၍ နုတ်ခွန်းဆက်သသည်။

“ရှင်နိုးပြီလား”

မျက်ချေးဖတ်ခပ်ပြစ်ပြစ်တွေကို လက်ညိုးနှင့် ပွတ်ရင်း သူကလည်း ပြန်လည်၍ခွန်းတုန့်ပြန်လိုက်သည်။

“အင်း”

“ကလေးက တစ်ကိုယ်လုံးပူခြစ်တောက်နေတာပဲရှင်။ ဖြစ်နိုင်ရင် ကျမ အခုချက်ချင်းတောင် ဆေးခန်းထသွားလိုက်ချင်တယ်”

တစ်ခါတစ်လေ သူ့မိန်းမကလည်းရီရသည်။ ကိုယ်ပူလို့ နေမကောင်းဖြစ်နေပါတယ်ဆိုမှ ကလေးက ဘယ်လိုလုပ် အေးစက်နေမှာလဲ ။ အနည်းနဲ့အများတော့ ပူနေမှာပေါ့။ ဒါကထားပါ။ သူမ မိခင်စိတ်မွန်ထူပြီးပြောတာဆိုတော့………။ ဒါပေမယ့် ဆေးခန်းသွားပြချင်နေတယ်ဆိုတော့ ဘယ်မှာလည်းဆေးခန်းပြဖို့ ပိုက်ဆံ။ ပြီးတော့ ဆေးခန်းဆိုလို့ သူတို့ရပ်ကွက်ထိပ်က “အကြွေးမရပါ”လို့ ဆိုင်းဘုတ်ချိတ်ထားတတ်တဲ့ ဒေါက်တာငွေခင်ရဲ့ ငွေများ၊သားမသေဆေးခန်းပဲ ဒီအချိန် ဖွင့်တတ်တာ မဟုတ်လား။ ငွေမရှိပဲသူ့ဆေးခန်းသွားဖို့ဆိုတာက ရေမပါပဲ ရေနွေးအိုးတည်တဲ့ ကိစ္စလို ဘယ်လိုမှမဖြစ်နိုင်။ ပြီးတော့ စောစောစီးစီး အဆဲအဆိုခံရဖို့ကလည်း များနေသည်။ ရိုက်ပုတ်အလွတ် မခံရရင်တောင်ကံကောင်း။ ဒါကိုသူ့မိန်းမကလည်းမသိမဟုတ်။ ကလေးအပေါ် အစိုးရိမ်လွန်နေ၍ ပြောမိပြောရာ လျှောက်ပြောနေခြင်းဖြစ်သည်။

“အေးပါမိန်းမရာ…ညနေ ငါပိုက်ဆံရလာရင် သွားကြတာပေါ့”

“ဒီကြားထဲမင်းလည်း အဆင်ပြေရင်တစ်ယောက်ယောက်ဆီက လှည့်ထားလိုက်ပေါ့။ ညနေငါပြန်လာမှ အတိုးလေး၊ ဘာလေးနဲ့ ပြန်ဆပ်တာပေါ့”

သူကို ကလေးကို ဂရုမစိုက်ဘူး ဟု သူ့မိန်းမ အပြစ်တင်မည်စိုး၍ ပြောသာပြောလိုက်ရသည်။ ဒီအနီးအနားပါတ်ဝန်းကျင်က သူတို့နှင့် ပါတ်သက်နေသမျှ လူတွေအားလုံး သူလိုကိုယ်လို ပြာပုံလျှက်နေတဲ့ကောင်တွေ ချည်းပဲဆိုတော့ သူ စကားသာ အဖတ်တင်သွားကြောင်းကိုလည်း သိနေသည်။

“အရမ်းလည်းစိတ်ပူမနေပါနဲ့ကွာ။ ဘာပဲဖြစ်ဖြစ် ညနေကျရင် အားလုံးအဆင်ပြေသွားမှာပါ”

“ပူရတယ်တော်ရေ…ပူရတယ်….ရှင့်ပြောလိုက်ရင် ဒါမျိုးကြီးပဲ” ဟုသူ့အား ခပ်ဆတ်ဆတ် ခွန်းတုန့်ပြန်ရင်း ကလေးဘ၀၏ အမြင့်မားဆုံး စည်းစိမ်ယူနေသော သူ့ သမီးကြီးသုံးယောက်ကို သူမ အိပ်ယာမှနိုး၏။

သူ့သမီးတွေ အိပ်မှုံစုံမွှားဖြင့် ထလာကြပြီး အိမ်ရှေ့ကွပ်ပြစ်ပေါ်တွင် ပြန်နေရာယူကာ အိပ်သွားကြပြန်သည်။ ကိစ္စမရှိ။ အိပ်ချင်သလောက်သာအိပ်ကြပါစေ။ သူတို့အတွက် ငွေမကုန်တဲ့ ဈေးအပေါ ဆုံးစည်းစိမ်ကလည်း ဒါလေးပဲရှိတာမဟုတ်လား။ ပြီးတော့ မငွေသွေး သူတို့ကို နှိုးတယ်ဆိုတာကလည်း သူတို့ကိုနိုးတာမဟုတ်။ သူတို့နှင့် အတူ အိပ်မောကြနေကြသည့် စောင်နှင့် ခေါင်းအုံးများကို နိုးခြင်းသာဖြစ်သည်။

ဆက်လက်ငိုက်မြည်းချင်သေးသည့်ပုံ ပေါက်နေကြသည့် တစ်အိမ်လုံးမှ ရှိရှိသမျှစောင်တွေ၊ ခေါင်းအုံးတွေအားလုံးကို သူ့မိန်းမလိုက်တစ်ယောက် ခပ်နာနာကလေး လိုက်ပုတ်ပြီး လန်းဆန်းသွားအောင် ဖုံတွေခါထုတ်နေခြင်းဖြစ်သည်။ ထို့နောက်တွင်တော့ သူမ အားလုံးကို သပ်ရပ် ညီညာစွာခေါက်လိုက်ပြီး ပီနံအိတ်ခွံအလွတ်တစ်လုံးထဲသို့ ညင်သာစွာ လျှောထည့်လိုက်သည်။

ပြီးတော့

“ကလေးကို ခဏကြည့်ထားလိုက်ပါ တော်ရေ။ ကျမလုပ်စရာရှိတာလေးတွေ သွားလုပ်လိုက်ဦးမယ်” ဟု ၀ါကျင်ကျင်သွားတွေကို မီးသွေးခဲဖြင့် ခြစ်နေသော သူ့ဘက်ကိုလှည့်အော်လိုက်ပြီး ကလေးကို စိတ်မချတစ်ချဖြင့် ကြည့်ကာ သူမ အိမ်ပေါ်မှ ဆင်းသွားတော့သည်။

“အေး…အေး….စိတ်ချ….မိန်းမရ”

ခါးဖန့်ဖန့်အရသာကို ရေနှင့် ပလုပ်ကျင်းထုတ်ရင်း သူ ဗလုံးဗထွေးကြီး ပြန်အော်ပြောလိုက်သည်။

အဲ့ဒီစောင်တွေ၊ ခေါင်းဦးတွေဆိုတာက သူတို့မိသားစု ရှားရှားပါးပါး ပိုင်ဆိုင်တဲ့ ဘိုးစဉ်ဘောင်ဆက် ရတနာတွေ။ အခု ထိုရတနာပစ္စည်းတွေကို လုံခြုံစိတ်ချရသည့် လျှို့ဝှက် ဘဏ်တိုက်တစ်ခုသို့ သွားရောက် အပ်နှံဖို့ သူ့မိန်းမ အိမ်ပေါ်ကဆင်းသွားခြင်းပင်ဖြစ်သည်။ သူတို့ရပ်ကွက်ထဲမှာ လျှို့ဝှက်သော ဘဏ်လုပ်ငန်းတွေ ဒုနှင့်ဒေးရှိ၏။ လျို့ဝှက်သော ဘဏ်ဆိုတာ တရားမ၀င် အပေါင်ဆိုင်ကို သူတို့အရပ်ထဲမှာ စကားဝှက်သုံး၍ ခေါ်ကြချင်းဖြစ်သည်။ ထိုလျှို့ဝှက်သော အပေါင်ဆိုင်များနှင့် ဆက်စပ်ပတ်သက်နေခဲ့ရသည်မှာ သူတို့လင်မယား ညားကာစမှ ယနေ့ထိတိုင်အောင်ပဲ ဖြစ်သည်။ တရက်စာ အတိုးနူန်းက တခါတရံ၌ ပစ္စည်းတန်ဖိုးထက်ပင် များနေတတ်သော်လည်း ခါလီ မနက်ခင်းတွေကို အသက်သွင်းဖို့ အခြားနည်းလမ်းတွေ ရှာမရတော့လည်း ဒီလက်လှမ်းမှီ အသားကျနေတဲ့ အလုပ်လေးကိုပဲ သူတို့ ထပ်ခါထပ်ခါလုပ်မိနေကြတော့တာပေါ့။ ဒီလိုမှ မလုပ်ရင် နေ့တိုင်း မနက်အိပ်ယာထချိန်ကနေ ညနေစောင်း သူငွေရှာပြီး အိမ်ပြန်လာတဲ့အချိန်အထိ သူ့မိသားစု ဗိုက်မှောက်ပြီး နေကြရုံပါပဲ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မနက်မိုးလင်းတာနဲ့ ဘ၀ကို အကြွေးယူခြင်းနဲ့ စတင်တယ်ဆိုတာ အခြားတစ်ဖက်ကကြည့်ပြန်တော့လည်း မနက်ခင်းတိုင်းမှာ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုနဲ့ ဘ၀ကို စတင်တာမျိုး ဖြစ်နေပြန်တယ်။ အမှန်တော့ ဒီစောင်လေးတွေ၊ ခေါင်းအုံးလေးတွေကို ခုတုံးလုပ်ပြီး ကြွေးရှင်နဲ့ သူတို့တစ်တွေ နှစ်ဦးနှစ်ဘက် ယုံကြည်မှု နေ့စဉ်ခိုင်မာသထက်ခိုင်မာအောင် ကြိုးစားလာခဲ့ကြတာ ခုဆိုနှစ်ပေါင်းတောင် အတော်ကြာခဲ့ပြီပေါ့။ အဲံဒီ ယုံကြည်မှုအတွက် သူ့ဖက်က ပေးဆပ်ရတဲ့ အရင်းအနှီးကတော့ နေ့စဉ် အတိုးလေးမှန်မှန်ဆက်သနေရခြင်းပါပဲ။ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အဆင်ပြေနေကြရင်ပြီးတာပဲ မဟုတ်လား။

သူတို့ရဲ့ အိပ်ယာဝင်ပစ္စည်းအဟောင်းလေးတွေက တန်ဖိုးအနေနဲ့ တွက်ကြည့်ရင် ဘာမှတော့ မဖြစ်လောက်ပေမယ့် စောင်၊ ခေါင်းအုံးမပါပဲ အိပ်နေရတဲ့သူတွေတောင်ရှိနေတဲ့ခေတ်ဆိုတော့ သူ့တန်ဖိုးနှင့်သူကတော့ရှိနေကြသေးသည်။ ပေါင်နှံခက တစ်ပဲခြောက်ပြားလောက်ပဲရတယ်ဆိုပေမယ့် သူအလုပ်သွား ထမင်းဘူးထည့်ဖို့နဲ့ သူ့မိသားစုမနက်စာ၊ နေ့လယ်စာပေါင်းစားဖို့ ဆန်နို့ဆီဗူးနှစ်လုံးလောက်တော့ ၀ယ်နိုင်သေးသည်။ သူညနေ ကြုံရာကျပန်းအလုပ်တစ်ခုခု အဆင်ပြေလို့ ပိုက်ဆံတွေ အဆင်ပြေလာမှ ဒါတွေကို ညဘက်ကျောခင်းဖို့ ပြန်ရွေးလိုက်ရုံပါပဲ။ ဘာခက်တာမှတ်လို့။ ဒီလိုနဲ့ သူတို့ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး ငွေကို ကလဖန်ထိုးပြီး လည်ပတ်လာခဲ့တာ အဆင်ကိုပြေနေကြတာပဲ မဟုတ်လား။

ပြီးတော့ နေ့လည်နေ့ခင်း ဒီစောင်တွေခေါင်းအုံးတွေက အိမ်မှာ အပိုတွေဖြစ်နေမယ့်အတူတူ ကမ္ဘာ့ဝင်ငွေလည်ပတ်စီးဆင်းမှုကြီးထဲမှာ တစိတ်တဒေသပါဝင်တဲ့ အနေနဲ့ အပေါင်ဆိုင်သွားပို့ထားတာက ပိုမိုသင့်လျှော်မနေပေဘူးလား။

ဒါမျိုးတွေလုပ်နေတာ ဒီရပ်ကွက်ထဲမှာ သူတို့မိသားစု တစ်ခုထဲတော့ မဟုတ်။ သူသိသမျှ တစ်ရပ်ကွက်လုံးက ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဒီလိုလည်ပတ်နေကြသည်ချည်းဖြစ်သည်။

တစ်ခုတော့ နဲနဲကွဲပြားသည်။ ရွှေငွေဝတ်နိုင်တဲ့လူတွေကတော့ အမိန့်ရပေါင်ဆိုင်လို တရားဝင်နေရာမျိုးကိုသွားကြပြီး သူတို့လိုသာမန်လူတန်းစားတွေကတော့ တိုးတိုးတိတ်တိတ်အပေါင်ဆိုင်တွေနှင့်သာ လျှို့ဝှက်အလွမ်းသင့်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဘုရားသခင်၏ကရုဏာစွက်သော လူတန်းစားညှိမှုကြောင့် သာမန်ဆင်းရဲသားလူတန်းစာတွေ တဖြည်းဖြည်းများလာလေ၊ လူတွေ အဖိုးတန်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနည်းသွားလေလေ ဖြစ်လာသောကြောင့် ရွှေငွေနှင့်အဖိုးတန်ပစ္စည်းဥစ္စာတို့ကိုသာ လက်ခံသောအမိန့်ရအပေါင်ဆိုင်ကြီးများ၏ စီးပွားရေးလုပ်ငန်းတို့ သိသိသာသာထိုးကျလာပြီး ဟိုတစ်စုဒီတစ်စု တိုးတိုးတိတ်တိတ်ပေါ်လာသည့် လျှို့ဝှက်သောအပေါင်ဆိုင်တွေ သူတို့အရပ်ထဲ၌ ပို၍ခေတ်စားလာသည်။

တိုးတိုးတိတ်တိတ် အပေါင်ဆိုင်တွေရဲ့ စီးပွါးရေးလုပ်ငန်းတွေ ကြောက်ခမန်းလိလိ တွင်ကျယ်လာတာလည်း မပြောနဲ့။ သူတို့က အပ်ကအစ ဆေးလိပ်ပြာခွက်အဆုံး တိုလီမုန့်စတွေ အားလုံးလိုလိုကို အပေါင်ခံ အပ်နှံခွင့် ပေးနေကြတာကိုး။ အဲ့ဒါတွေကြောင့်လည်း လာရောက်ပေါင်နှံတဲ့ပစ္စည်းတွေက တခါတရံ ကိုယ်မတွေးထားမိဘူးလောက်အောင်ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှ၏။ ဒီနေ့ ထမင်းဖြူကို ဆားနဲ့ပဲ နယ်စားကြမှာဖြစ်လို့ ငရုတ်သီးထောင်းစရာမလို အပိုဖြစ်နေတဲ့ ငါးရုပ်ကျည်ပွေ့လိုအရာကို လာရောက်ပေါင်နှံသူကိုလည်း သူတွေ့ဖူးသည်။ ဒီနေ့အိမ်အပြင်ထွက်စရာ ကိစ္စမရှိလို့ အပိုဖြစ်နေတဲ့ တစ်ရံထဲသော ဖိနပ်စုတ်ကို လာရောက်ပေါင်နှံသူကိုလည်း သူတွေ့ဖူးသည်။ သွားတိုက်ဆေး အသစ်ထပ်မ၀ယ်နိုင်လို့ အပိုဖြစ်နေတဲ့ သွားပွတ်တံ လာရောက် ပေါင်နှံသူတစ်ဦးကိုတောင် ရှားရှားပါးပါး သူတစ်ခါတွေ့ဘူး၏။

ဒါ...သူတို့သာမန်လူတန်းစားတွေရဲ့ သမားရိုးကျဖြစ်လွန်းနေတဲ့ ၀င်ငွေလည်ပတ်စီးဆင်းမှုပါပဲ။ ကိုယ့်အတွက် ဒီနေ့အသုံးမ၀င်ဖြစ်နေတဲ့ပစ္စည်းတစ်ခုကို အချိန်မရွေးအသုံးဝင်တဲ့ငွေစအနည်းငယ်နဲ့ ခေတ္တလဲလှယ်ထားတဲ့ အလုပ်လောက်အသုံးကျတဲ့ကိစ္စ ဒီကမ္ဘာမှာ ဘာများရှိဦးမှာတုန်း။ ပြီးတော့ ဒီလိုနဲ့ပဲ သူတို့အားလုံး နေ့ရက်တွေကို အောင်မြင်စွာ ဖြတ်သန်းနေကြတာပဲမဟုတ်လား။ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်ကြတဲ့အတွက် ဒါ ကောင်းချီးပေးရမယ့် ကိစ္စတစ်ခုပဲပေါ့။

တွေးတောနေစဉ်မှာပဲ ရှပ်ပြာရှပ်ပြာခြေသံတွေပေး၍ သူ့မိန်းမ မငွေသွေး အပြင်မှပြန်ရောက်လာသည်။

“စောင်တွေ၊ ခေါင်းအုံးတွေက အရောင်ပိုလွင့်သွားလို့တဲ့ အရင်နေ့တွေကလောက် ဈေးမရခဲ့ဘူး တော်ရေ”

“ပြီးတော့ ကလေးကိုဆေးခန်းမပြခင်တိုက်ဖို့ ကွမ်းရွက်နဲနဲနဲ့ ဆရာမောင်ဆေးနီမှုန့် တစ်ထုပ်လည်း ၀ယ်လိုက်ရတော့ ဆန်တောင်အရင်လို နို့ဆီဗူးနှစ်ဗူးဝယ်ရအောင် ပိုက်ဆံက မလောက်တော့ဘူးရှင့်”

အင်းလေ......ညတိုင်းဆက်တိုက် အိပ်နေရတဲ့စောင်တွေ၊ ခေါင်းအုံးတွေဆိုတော့လည်း ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဟောင်းနွမ်းစိတ် ၀င်လာတယ်ဆိုတာက သင်္ခါရ သဘောတရားရဲ့အလိုတော်ကျအတိုင်းပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ်လေကျေးဇူးရှင် အပေါင်ဆိုင်တွေက ဒါတွေကိုတောင် သဘောထားကြီးကြီးနဲ့ ဆက်လက်လက်ခံနေသေးတယ်ဆိုတော့ ဒါ သူတို့ကို ဆက်လက်ယုံကြည်နေသေးတယ်ဆိုတာကို ပြနေတဲ့သဘောပဲပေါ့။

ပြီးတော့ သူ့မိန်းမကလည်း ဘယ်ဆိုးလို့တုန်း။ ကလေးအတွက်ဆေးမြီးတိုတွေ၊ ဘာတွေတောင်ဝယ်လို့။

လက်ကျန်ထရံမှ ထရံစအချို့ကို ချိုးယူပြီး သူ့မိန်းမ မီးမွှေးကာ ထမင်းအိုးတည်နေပြီ။ အင်းလေ။ ထရံတစ်ခုလုံးအသစ်ဝယ်ထည့်ရမယ့် အတူတူတော့ လောလောဆယ် ထင်းဖိုးသက်သာတာပေါ့။ ဟင်းအတွက်ကလည်း ခေါင်းခြောက်စရာဘာလိုလို့လဲ။ မနေကက လက်ကျန် ငါးပိထောင်းနည်းနည်းရှိနေသေးတယ်လေ။ ကဲ…သူ့အတွက် စိတ်ညစ်ညူးနောက်ကျိစရာ ဘာများကျန်သေးလို့တုန်း။ အားလုံး လျှောလျှောရှုရှုကိုဖြစ်လို့ ….ဘာဆိုဘာမှ ပူစရာမရှိလောက်အောင်ပါပဲလား။

အလုပ်ရှာထွက်ဖို့ သူအိမ်ပေါ်က မဆင်းခင် သားငယ်မောင်မုန်တိုင်းလေးကို ခပ်ဖွဖွပွေ့ချီလိုက်သည်။ မီးသွေးခဲတစ်ခဲ ကောက်ကိုင်လိုက်မိသလို သူ့လက်တွေ ချက်ခြင်းထူပူသွားရာကနေတဆင့် သူ့စိတ်တွေထဲတွင်လည်း ထစ်ကနည်းလိုက်ပူမိသွားသည်။

အော်…ဒါကြောင့်လည်းသူ့မိန်းမအစိုးရိမ်လွန်နေတာကိုး။ ကလေးက ကြောက်ခမန်းလိလိ ပူချစ်တောက်နေသည်။ ဘာပဲဖြစ်ဖြစ်လေ။ ညနေ သူငွေပါလာလို့ ဆေးခန်းသွားပြလိုက်ရင်တော့ အားလုံးအဆင်ပြေသွားမှာပဲ မဟုတ်လား။ ခုနကတိုက်ထားတဲ့ ဆရာမောင်ဆေးနီမှုန့်နဲ့ ကွမ်းရွက်ပြုတ်ရည် တန်ခိုးကလည်း ခုထိမပြသေးဘူးထင်တယ်။ ခဏကြာလို့ တန်ခိုးပြလာရင်တော့ သားလေး ကိုယ်ပူရှိန် ကျချင်လည်း ပြန်ကျသွားနိုင်တာပဲလေ။

ဤသို့ဖြင့် အရိုးစွဲအကျင့်ပါနေပြီ ဖြစ်သော အကောင်းမြင်စိတ်က သူ့ရင်ထဲမှာ တဒင်္ဂမြင့်တက်လာတဲ့ ပူလောင်မှုဒီရေကို စိုးရိမ်ရေမှတ်အောက် ချက်ချင်းပြန်လည်ဆွဲချသွားပြန်သည်။ ဒီလိုနဲ့ အလုပ်ရှာထွက်ရန် အိမ်ပေါ်က စိတ်အေးလက်အေးနဲ့ ဆင်းဖို့် သူအဆင်သင့်ဖြစ်နေပြီပေါ့။

ထမင်းအဖြူထည်ပေါ် ငါးပိထောင်းနဲနဲအဖျားဆွတ်ထားတဲ့ လောကဓံအထုအထောင်းခံ ဒန်ချိုင့်ပိန်ပိန် ကိုဆွဲပြီး သူအိမ်ပေါ်ကဆင်းနေတုန်း သူ့မိန်းမကလှမ်းမှာသည်။

“ဖြစ်နိုင်ရင် စောစောလေးရအောင် ပြန်လာခဲ့ပါရှင်”

“ကလေးအတွက် ကျမအရမ်းစိတ်ပူလို့”

“အေးပါမိန်းမရ…သိပ်လည်း စိုးရိမ်မနေပါနဲ့။ ငါမမှောင်ခင် အရောက်ပြန်လာခဲ့ပါ့မယ်။ ဒါပဲဟေ့…ငါသွားပြီ”

( ၄ )

ဒီလိုနှင့် ကဏန်းတစ်ကောင်လို ယက်ကန်ယက်ကန်နှင့် ဒရွတ်ဆွဲရင်း ဇီးကွက်တစ်ကောင်လို အတွေးစတွေဖွာကာ လမ်းမတွေပေါ်သို့ သူ ရောက်လာခဲ့သည်။

တကယ်ဆို မငွေသွေးနဲ့ သူ အိမ်ထောင်ကျတာ လေးနှစ်လောက်ပဲရှိသေးသည်။

ထမင်းနပ်မှန်တဲ့ အိမ်ထောင်သည်ဘ၀ဖြစ်လာဖို့ ကြိုးစားနေရတာနဲ့ သူတို့မှာ အပိုငွေရယ်လို့ စုမနေနိုင်ခဲ့ကြဘူး။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တာတို့၊ ပျှော်ပွဲစားထွက်တာတို့ စတဲ့ ဘယ်လိုဇိမ်ခံလုပ်ငန်းမျိုးတွေမှာမှ သူတို့တွေ မပါဝင် မပတ်သက်နိုင်ခဲ့ကြဘူး။ အဲဒီတော့လည်း အလုပ်သိမ်းပြီဆိုတာနဲ့ သူအိမ်ကိုပဲ တန်းတန်းမတ်မတ်ပြန်ပြီး သူ့ရဲ့ ညဦးပိုင်း အားလပ်ချိန်တွေကို သူ့မိန်းမနားမှာပဲထိုင်ပြီး မကုန်ကုန်အောင် ဖြုန်းရတော့တာပေါ့။ ရှက်ရှက်နဲ့ပြောရရင်တော့ ....ဒါ..... ငွေကြေ်းသုံးစွဲစရာမလိုတဲ့ လောကရဲ့ အဆင့်အမြင့်ဆုံးသော စည်းစိမ်တစ်ခုပါပဲ။ အကျိုးဆက်အနေနဲ့ကတော့ လေးနှစ်အတွင်းမှာ ကလေး၎ယောက် ရလာခြင်းပဲပေါ့။

ဘာပဲဖြစ်ဖြစ်လေ တစ်ချို့ဆိုရင် အိမ်ထောင်သက် (၁၀)နှစ်၊ နှစ်(၂၀)ပြည့်တာတောင် ကလေးတစ်ယောက်မရကြသေးဘူးဆိုတော့ ဒါသူတို့ လင်မယားတွေ ကံကောင်းတာပါပဲ။ ကျွေးစရာပါးစပ်ပေါက် နဲနဲတိုးလာတာကလည်း သိပ်ကိစ္စမရှိပါဘူး။ သူအရင်ကထက် ပိုပြီး အလုပ်နဲနဲကြိုးစားလိုက်ရုံနဲ့ ဒီကိစ္စကလည်း သူ့အလိုလို အဆင်ပြေသွားမှာပဲ မဟုတ်လား။

အလုပ်ဆိုလို့ သာမန်ဆင်းရဲသားတွေနဲ့ ပတ်သက်တဲ့ အလုပ်မှန်သမျှ အားလုံးလိုလို သူ အစုံလုပ်ခဲ့ဖူးသည်။ ဒါပေမယ့် မြင်းလှည်းမောင်းသမား၊ အုန်းပင်တက်သမား၊ မြေကျင်းတူးသမား၊ လက်သမားစတဲ့ ဂုဏ်ပုဒ်တစ်ခုခု တတ်ပြီးသူ့ကို ခေါ်ဆိုရလောက်အောင်လည်း သူက ဘာအလုပ်တစ်ခုကိုမှ စွဲမြဲမြဲမလုပ်ဖူးခဲ့။ ခေတ်စနစ်ကိုလိုက်ပြီး ရေကြည်ရာမြက်နုရာ မီးစင်ကြည့်၍ ကတတ်သော အထွေထွေသမားတော်ကြီးလို့ သူကတော့ သူ့ကိုယ်သူ ကျိတ်၍နာမည်ပေးထားသည်။

ဒါပေမယ့် အခုက မုန်တိုင်းလွန်ခေတ်ဆိုတော့ ရန်ကုန်မှာ အိမ်ခေါင်မိုး မိုးတဲ့အလုပ်တွေ ခေတ်စားနေသည်။ အဲဒီတော့ လောလောဆယ် ဒီအချိန်မှာ ယေဘုယကျလွန်းတဲ့ အထွေထွေသမားတော်လို့ သူ့ကိုယ်သူ ခေါ်တာထက် ခေါင်မိုးမိုးဆရာ ဟူု၍ ပိုမိုတိကျသော ယာယီနာမ၀ိသေသတစ်ခု ပေးထားတာက ပိုသင့်လျှော်နေလိမ့်မည်။

ဒီလိုနဲ့ တလမ်းဝင် တလမ်းထွက် ခြေဦးတည့်ရာ လျှောက်ရင်း သူကြုံသလို လှည့်ပတ်တွေးနေလိုက်တာ သူထွက်လာတဲ့ အဓိကကိစ္စကိုတောင် သူမေ့သလိုဖြစ်သွားသည်။ ဟုတ်သားပဲ။ ငါ အလုပ်တစ်ခု ရှာရဦးမှာပါလား။ ဟိုဟို ဒီဒီ လမ်းမပေါ်ကနေ သူမျက်စိတွေ ကစားပြစ်လိုက်သည်။

အချို့အိမ်တွေကတော့ မိုးပြီးနေကြပြီ။ အချို့ကလည်း ကိုယ့်ဖာသာ မိုးလို့ ကောင်းတုန်း။ နဲနဲ အဆင်ပြေပုံရတဲ့ အိမ်တစ်ချို့သာ သူ့လို ကျဘမ်း အမိုးမိုးဆရာတွေကို ငှားပြီး မိုးနေတာ တွေ့ရသည်။

"အိမ်ခေါက်မိုးတွေ မိုးကြဦးမလားဗျို့။ သွပ်နဲ့ပဲ မိုးမိုး၊ ဓနိနဲ့ပဲ မိုးမိုး ဈေးပေါပေါ လက်ရာကောင်းကောင်းနဲ့ စိတ်ကြိုက်မိုးပေးနေတယ်နော်”

ခေါင်မိုးတွေ ဆလံသနေသော အိမ်တွေရှေ့ရောက်လျှင်တော့ သူ သာမန်ထက်ပို၍ ကျယ်လောင်စွာ အော်ပြစ်လိုက်သည်။ ဒါပေမယ့် လာပါဦးဆရာရေလို့တော့ သူ့ကို ဘယ်သူ့မှ ထွက်မခေါ်ကြ။ အင်းလေ...နေ့လယ်နေ့ခင်း ငိုက်မြှည်းနေကြလို့ မကြားတာလည်း ဖြစ်နိုင်တာပဲ။ သူအစီအစဉ်ပြောင်းရတော့မည်။ လမ်းပေါ်က ဒီလိုကြုံးအော်နေမည့် အစား တစ်အိမ်တက်ဆင်း လိုက်၍ စေ့စပ်ဆွေးနွေးကြည့်မည်။

ဤသို့ဖြင့် ခေါက်မိုးဟောင်းလောင်းဖြစ်နေသော အိမ်တစ်အိမ်ကို သူအရင်ရွေးချယ်၍ တန်းတန်းမတ်မတ်ကြီး ၀င်သွားလိုက်သည်။ နံရိုးအပြိုင်းပြိုင်းထနေသော အိမ်ရှေ့တည့်တည့်တွင်တော့ ကျီးကန်းလို မျက်နှာပေါက်နှင့် လူတစ်ယောက် စာခြောက်ရုပ်တစ်ရုပ်လို သုန်သုန်မှုံမှုံဖြင့် ရပ်နေသည်။ သူ့ကိုမြင်တော့ " ဘာကိစ္စလဲကွ " ဟု ခပ်ပြတ်ပြတ် လှမ်း အာ သည်။

" ဟုတ်ကဲ့ ကျွန်တော်က ခေါက်မိုးပြင်ဆရာပါ။ ဆရာကြီးအိမ်မိုးဖို့ အကူအညီတွေ၊ ဘာတွေများ လိုမလားလို့။ မိုးခ ကိုလည်း သံတစ်ချောင်း၊ ဓနိတစ်ဖက်စာပဲ ယူပါတယ်။ ဆရာကြီးကြည့်ရတာ ခေါက်မိုး ကူမိုးပေးမယ့်လူ မရှိလို့ စိတ်ဓါတ်ကျနေတဲ့ ပုံပဲ။ ဘာမှ မပူနဲ့တော့ ဆရာကြီးရေ။ အခု ဆရာကြီးကို ကူညီဖို့ ကျွန်တော် ရောက်လာပါပြီ "

" ဟေ့ကောင်...စိတ်ညစ်ရတဲ့ အထဲ မင်းက ဘာတွေလာပြီး မြည်တွန်တောက်တီးနေတာလည်း။ လူမရလို့ မဟုတ်ဘူးကွ…နားလည်လား။ ဒီမနက် တစ်မနက်လုံး မင်းလိုကောင်တွေ ၀င်ဝင်မေးတာ မင်းနဲ့ဆို ဆယ့်ခုနှစ်ကောင်တောင် ရှိနေပြီ။ အေး…လူမရှိလို့ မဟုတ်ဘူးကွ။ ဒီမှာ……. ဓနိမပြောနဲ့၊ နှီးတစ်ချောင်း ၀ယ်ဖို့တောင် ပိုက်ဆံမရှိလို့ ဘာမှမလုပ်ပဲ ဒီအတိုင်းထိုင်နေတာ ဟေ့။ အေး...မင်းက ဓနိဖိုးပါ စိုက်ပြီး အိမ်ကို အကြွေးနဲ့ မိုးပေးသွားမယ်ဆိုရင်တော့ ဖြစ်တယ်...ဟေ့ရောင် "

ထိုစာခြောက်ရုပ်ကြီးကို သူဘာမှ ပြန် အာ မနေတော့ပဲ တောင်းပန်တိုးလျှိုးစွာနဲ့ ထိုအိမ်မှ ပြန်ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထိုလူကြီးကို သူစိတ်တော့ မဆိုးမိ။ အင်းလေ....ဒီလူကြီးလည်း သူ့လိုပဲ အဆင်မပြေလို့ ဖြစ်မှာပေါ့။ ကြည့်ပါလား… သူကိုယ်တိုင်တောင်...လူကသာ ခေါက်မိုးမိုးဆရာ။ စားဖို့၊ သောက်ဖို့ဆိုတဲ့ ကိစ္စတွေနောက် တကောက်ကောက်လိုက်နေရတာနဲ့ သူ့တဲလေးတောင် အခုထိ ဘယ်မှာမိုးရသေးလို့တုန်း။

ဒီလိုနှင့် သူ စိတ်ဓါတ်ကျတာတွေ၊ ဘာတွေ ဖြစ်မနေပဲ အခြား ခေါက်မိုး ဗလာမဲ့နေသော အိမ်တွေကို တစ်အိမ်တက်ဆင်းလုပ်၍ အပေးအယူ ထပ်လုပ်ကြည့်နေမိသည်။ သို့သော်...အားလုံးက ထိုလူကြီး အလားတူ ကျီးကန်းတွေလိုသာ အာအာပြလိုက်ကြသည်။ တစ်ချို့ဆို သူ့ကို ငှက်ဆိုးတစ်ကောင်လိုပင် အော်ဟစ်ဆဲဆို လိုက်ကြသေးသည်။ ဘယ်တတ်နိုင်မှာလည်း။ အားလုံးက သူလိုကိုယ်လို ဖြစ်နေကြတယ်ဆိုတော့...။ ဘာပဲဖြစ်ဖြစ် သူကတော့ စိတ်ဓါတ်မကျပဲ တွေ့ကရာအိမ်ဝင်၍ စေ့စပ်ဆွေးနွေးရေး ဇာတ်လမ်းတွေ ထပ်ကာထပ်ကာ ရေးဆွဲကြည့်နေမိသေးသည်။ ဒီလိုနှင့် တဖြေးဖြေး နေကကျလာပြီ။ ခေါင်မိုးကြီး တစ်ခုလုံး မိုးခွင့်ရဖို့ မပြောနှင့် သူ နှီးစတစ်ချောင်းဖြင့် သွားကြားပင် ထိုးခွင့်မရသေး။ ညနေစောင်းလာတော့ သူ စိတ်တွေနွေးလာပြီး စိတ်ပူတဲ့ဘက်ကို တဖြေးဖြေးကပ်လာသည်။ သူ့ သားငယ် မုန်တိုင်း ဆေးခန်းပြဖို့ မဖြစ်မနေ ငွေလိုနေသည် မဟုတ်လား။ မိန်းမကိုလည်း ညနေမစောင်းခင် ငွေစပိုက်ပြီး အိမ်ပြန်လာမည်ဟု လုံးဝ ကတိပေးထားသည်။ ဒီအချိန်ဆို သူ့မိန်းမ ဗျိုင်းတစ်ကောင်လို လည်ပင်းတရှည်ရှည်ဖြင့် မျှော်နေရော့တော့မည်။ သူ့ သမီးသုံးယောက်ကလည်း အစာသယ်လာမည့် ငှက်ဖိုကြီးကို နုတ်သီးတွေမိုးပေါ် ထောင်ပြီး တကျီကျီနှင့် အော်ခေါ်နေကြတော့မည်။ ဒါပေမယ့် ပိုက်ဆံမပါပဲ သူဘယ်လိုအိမ်ပြန်မလဲ။

ဒါပေမယ့် ဖြစ်နိုင်ခြေရှိသေးတာက မောင်မုန်တိုင်းလေး သူ့ဖာသာသူ ကိုယ်ပူတွေ၊ ဘာတွေ ကျချင်လည်း ကျသွားနေလောက်ပြီ။ အဲ့လိုမှ မဟုတ်လည်း အရမ်းစိတ်ပူတတ်တဲ့ သူ့မိန်းမ တစ်ယောက်ယောက်ဆီက ချေးငှားပြီး ဆေးခန်းတွေ၊ ဘာတွေ သွားရင်လည်း သွားနေလောက်နှင့်ပြီ။ ဒါမှ မဟုတ်လည်း သူ့မိန်းမ ဆရာဝန်ကို အတင်းတောင်းပန်ပြီး ကလေးကို အကြွေးနဲ့ပြရင်လည်း ပြနှင့်နေလောက်ပြီ။ ဖြစ်နိုင်ခြေရှိတာလေးတွေ ခေါင်ထဲမှာ အစီအရီတွေးရင်း ပူနေသော သူ့စိတ်တွေ ပြန်အေးလာပြန်သည်။

ဒါပေမယ့် လက်တွေ့ကျကျ ပြန်သုံးသပ်ကြည့်လိုက်တော့ ဘာတစ်ခုမှ ဂဃနဏ ဖြစ်နိုင်ခြေရှိမနေ။ မနက်က သူ့အသားနှင့်ထိခဲ့သော ကလေး၏ ကိုယ်အပူရှိန်က ကျွမ်းကျင်သူ ဆရာဝန်၏ အကူအညီမပါပဲ သူ့ဖာသာ ကျသွားဖို့ မလွယ်မှန်း အရင်ကလေးတွေနဲ့ရခဲ့တဲ့ အတွေ့အကြုံတွေအရ သူသိနေသည်။ အိမ်နီးနားခြင်းတွေဆီက ချေးငှားတဲ့ကိစ္စကလည်း ဖြစ်နိုင်ဖို့နေနေသာ ငိုယိုပြပြီး သူ့မိန်းမဆီကနေ ရသလောက်ပြန်ချေးမည့် ကျေးဇူးရှင် အိမ်နီးနားခြင်းကောင်းတို့၏ လဒလိုမျက်နှာတွေကိုသာ သူမြင်ယောင်မိနေသည်။ ဒါဆို လမ်းထိပ်က ဆရာဝန်ဆီမှာ အကြွေးနဲ့ပြဖို့ ကိစ္စကရော။ အာ...အဲ့ဒါကတော့ မဖြစ်နိုင်ဆုံးပါပဲ။ သမီးငယ်တွေ နေမကောင်းတုန်းက အတွေ့အကြုံခါးခါးတွေ သူ့မှာရှိနေခဲ့ပြီးပြီ။ တစ်ခါကတော့ ငွေမပါပဲ သွားပြမိ၍ ထမင်းခြောက် ခိုးစားသော ငှက်လေငှက်လွင့်တွေလို ဆရာဝန်၏ ခြောက်လှန့်မောင်းထုတ်ခြင်း ခါးခါးသီးသီး ခံခဲ့ရဖူးသည်။

အခြားတစ်ခါကတော့ ငွေရှိလို့ သွားပြမိတုန်းကပေါ့။ ဆရာဝန်က သမီးကို ဆယ်မိနစ်လောက် ဟိုစမ်းဒီစမ်းလုပ်၊ ဆေးပြားလေးတစ်ပြားနှစ်ပြား ခွံ့ပြီး ငွေကျတော့ သိပ်နေအောင် ယူလိုက်တော့ တန်ရာတန်ကျေးထက် များစွာပိုနေမှန်းသိတဲ့ သူက " ဆရာရယ်...နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ ဆရာကြည့်တာက ဆယ်မိနစ်လောက်လေးနဲ့ ကျွန်တော့်မှာ ပါတဲ့ ငွေဆယ်ရွက်လုံးပေးရမယ်ဆိုရင် ဟုတ်ပါ့ဟုတ်ပါ့မလားဗျာ။ ကျွန်တော်တို့ မရှိဆင်းရဲသားတွေကို နည်းနည်းလောက်တော့ ညှာပါဦးလားဗျ " လို့ ယောင်ပြီး စောဒကလေး တက်မိသွားတယ် ဆိုပါတော့။ အဲ့ဒီမှာ ဆရာဝန်က " အေး...ဆယ်မိနစ်လောက် အချိန်လေးအတွင်းမှာ ငွေဆယ်ရွက်လောက်ယူလိုက်တာပဲ မင်းကမြင်တာကိုး။ ငါ ဆယ်နှစ်လောက် အပင်ပန်းခံ၊ ငွေတွေ အရွက် အထောင်၊ အသောင်းမက အကုန်ခံပြီး ဒီပညာကို သင်ထားရတယ်ဆိုတာကိုတော့ မင်းမမြင်ပဲကိုးကွ " ဟုမှတ်သားစေလောက်သော စကားတစ်ခွန်းပြန်ပြောတာခံခဲ့ရပြီးကတည်းက ဒီဆေးခန်းကို နောက်တစ်ခေါက် ပြန်သွားရမှာကို သူအလိုလိုကြောက်နေခဲ့ခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူပြောတာကလည်း ဟုတ်နေတာပဲဆိုတော့ ဆရာဝန်ကိုလည်း သူအပြစ်မြင်မနေတော့။ အင်းလေ ဆယ်နှစ်လောက်ရင်းထားရတာ ဒီလောက်တော့လည်းရှိမှာပဲပေါ့ဟုသာ ကိုယ့်ကိုကိုယ် နှစ်သိမ့်ရင်း ငွေအရင်းအနှီးနှင့် အချိန်စိုက်ထုတ်ထားရတာများသော ထိုပညာရှင်တို့ရှိရာအရပ်ဖက် မရောက်မိအောင် သူ တတ်နိုင်သလောက် သတိထား၍ ရှောင်ရှားနေထိုင်ခဲ့သည်။ အဲ့ဒါကြောင့် ယနေ့ အကြွေးသည်းခံပါလို့ ဆိုင်းဘုတ်အမြဲချိတ်ထားတဲ့ ဒီဆေးခန်းကို သူ့မိန်းမ အကြွေးသွားပြဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ သူဘက်က လုံးဝသေချာနေခဲ့တာပေါ့။

ကံစီမံရာဆိုတော့ သူလည်းဘာတတ်နိုင်မှာလည်းလေ…မောင်မုန်တိုင်းလေး ကံကောင်းထောက်မစွာ သူ့ဖာသူ အဖျားကျသွားပါစေလို့ပဲ ကျိတ်မှိတ်ဆုတောင်းရင်း သူ ဒီအတိုင်း အိမ်ပြန်ရုံပဲ ရှိတော့တာပေါ့။ ဒါပေမယ့် ကလေးဘက်မှာ ကံကြမ္မာကရှိမနေခဲ့ရင်ရော။ သူမတွေးဝံ့တော့။ သားဦးလေး…ဘယ်လိုနည်းနှင့်မှ အဆုံးမခံနိုင်။ နွေးနေသော စိတ်တွေ စိုးရိမ်ရေမှတ်ရောက်အောင် လာတက်ဆောင့်ပြီး ပူနေပြန်ပြီ။ ဟုတ်တယ်…ဘာပဲဖြစ်ဖြစ် သူ့မှာ ငွေလိုနေပြီ။ ဒါဆို သူ ငွေပါမှ အိမ်ပြန်ရမှာပေါ့။ ညနေခင်းကလည်း အလိုက်မသိစွာနှင့် အမှောင်ထဲသို့ လှမ်းရန် ခြေလှမ်းတွေ ပြင်လို့နေပြီ။


( ၅ )

ဒီလိုနှင့် သားဇော၊ မယားဇောတွေ ယောက်ယက်ခပ်ရင်း အိမ်ဘက်သို့ သူပြန်လျှောက်လာနေမိခဲ့သည်ီ။ ဘာပဲဖြစ်ဖြစ်လေ…သားလေး သူ့ဖာသာသူ အဖျားတွေ ပြန်ကျသွားပြီးရင်လည်း သွားပြီးလောက်ရောပေါ့။ ယောင်္ကျားလေးဆိုတော့ သူ့အရင် သမီးတွေတုန်းကလို ခပ်ပျော့ပျော့ မဟုတ်ပဲ ခုခံအားတွေ၊ ဘာတွေ ပိုပြီးကောင်းခြင်လည်း ကောင်းနေနိုင်တာပေါ့။ ဒါပေမယ့် ကလေးက ကောင်းသွားတယ်ထားပါ။ ညဘက်အိပ်ဖို့အတွက် ခေါင်းအုံးတွေ၊ စောင်တွေရွေးဖို့နဲ့ သူတို့မိသားစု ညနေစာအတွက် အနည်းဆုံး ငွေတရွက်လောက်တော့ လိုနေတာပဲ မဟုတ်လား။ ဒီလိုနှင့် သူ့စိတ်တွေ ပန်းပဲဖိုထဲက ဓါးတစ်ချောင်းလို အေးလိုက် ပူလိုက်၊ တစ်အုံ့နွေးနွေးဖြစ်လိုက်နဲ့ လျှောက်လာနေလိုက်တာ သူတို့ရပ်ကွက်ထိပ်က ဘောလုံးကွင်းကြီးနားကိုတောင် ရောက်လာခဲ့ပြီ။ ဒါကြီးက ဘောလုံးကွင်း ဆိုပေမယ့် ကလေးတွေ ကျိုးပဲ့သွားမှာကို စေတနာပိုသော အစိုးရက “ ဤနေရာတွင် ဘောလုံး မကန်ရ ” ဟု ဆိုင်းဘုတ်ချိတ်ထား၍ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်စွာပေါက်နေသော တောအုပ်အငယ်စားတစ်ခုဆန်ဆန် မြက်ရိုင်းတောကြီးမျှသာဖြစ်သည်။

“ ဟာ ”

အကောင်းမြင်ဝါဒသမားတစ်ယောက် ဒုက္ခရောက်နေခြင်းကို မကြည့်ရက်သော ဆင်းရဲသား ကူညီဆောင်မရေးအဖွဲ့မှ နတ်သမီးတစ်ပါးက သူ့ကို နတ်ကြိမ်နှင့် လှမ်းတို့လိုက်သလို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ခေါင်းတွေထဲ ဓူဝံတွေ ပြည့်နှက်စွာ ၀င်ရောက်လာကြသည်။ မျှော်လင့်မထားသော အကြံအစည်တစ်ခု သူ့ခေါင်းထဲ ရုတ်ရက်ပြေးဝင်လာသည်။

“ ဟုတ်သားပဲ…ဒါကို ငါ ဘာကြောင့် မစဉ်းစားမိပါလိမ့် ”

ဘာပဲဖြစ်ဖြစ်လေ အခုစဉ်းစားမိနေပြီ မဟုတ်လား။ ဒီတောအုပ်ငယ်လေးထဲမှာ မှောင်စပျိုးချိန်တွေဆို အတွဲတွေ လာလာချိန်းတွေ့တတ်သော ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက် လမ်းကလေးရှိသည်။ အများကတော့ ထိုလမ်းလေးကို ချစ်သူလမ်းကြားလေး ဟုခေါ်ကြသည်။ ဒါပေမယ့် သူ့အကြံက ချစ်သူလမ်းကြားပေါ်မှာ မေတ္တာတရားကို အလည်းအထပ်ရိုက်နေကြတဲ့ ချစ်သူတွေနှင့်တော့ မပတ်သက်။ ပတ်သက်နေတာက ချစ်သူ လမ်းကြားရဲ့ တစ်ဖက်တစ်ချက်က မြက်ရိုင်းတောတွေထဲ ညဘက် တောကစားထွက်ရန် ၀င်ဝင်သွားတတ်ကြသော လူရိုင်းဇာတ်ခင်းသူတွေနှင့်သာ ဖြစ်သည်။ ဟုတ်သည်။ တစ်ချို့ငွေကြေးတတ်နိုင်သူတွေ ကြေးစားလူရိုင်းမတွေကို ခေါ်လာပြီး ၎င်းမြက်ရိုင်းတော့တွေထဲ ညဘက် အမှောင်တွေအောက် တောကစား ထွက်တတ်ကြ၏။ သူတို့ဖာသာ အမှောင်တွေအောက်မှာ ကျောက်ခေတ်လူသားတိုင်း ကစားကြတာ သူနဲ့တော့ သိပ်မဆိုင်ပေမယ့် ကြားဖူးတာလေးတစ်ချို့က သူ့အကြံအစည်နှင့် တော်တော်ကြီးကို သွားရောက် ပတ်သက်နေသည်။

ရပ်ကွက်ထဲက စွမ်းအားရှင်၊ ကြံဖွံ့စတဲ့ လူယဉ်ကျေးတွေ တခါတခါ ဒီမြက်ရိုင်းပင်တွေကြားထဲမွှေနှောက်ပြီး တောခြောက်ထွက်တတ်ကြ၏။ ဒါပေမယ့် တစ်ခါမှတော့ ဖမ်းဆီးအရေးယူတယ်ဆိုတာ မရှိပဲ လူရိုင်းတွေဆီက ယဇ်ပူဇော်ပသငွေကိုသာ ကောက်ခံပြီး ပြန်ပြန်လွတ်လိုက်ကြသည်တဲ့။ သူ့ရဲ့ နတ်သမီးဆောင်မတဲ့ အကြံဆိုတာ အဲ့ဒါကိုပြောတာပေါ့။ သူ လူယဉ်ကျေး တစ်ယောက် ဟန်ဆောင်ပြီး လူရိုင်းတစ်ဖွဲ့လောက် တွေ့လိုတွေ့ငြား တောနင်း၍ ရှာကြည့်မည်။ တွေ့ရင် နယ်မြေစောင့်ရှောက်ခ ညာတောင်းမည်။ ဒါဆို ခဏကြာရင် မုန်တိုင်းလေး ဆေးခန်းပြဖို့ သူ့မိန်းမလိုချင်တဲ့ ဆေးပညာ ပူဇော်ပသဖို့ ကတော့ပွဲဖိုး ရပြီပေါ့။ ဒီလိုကြတော့လည်း ငွေရှာရတာ အလွယ်သား။ သူဘာမှ စိတ်ပူမနေတော့။ အားလုံးက မိုးပေါ်ကပြုတ်ကျလာသလို အဆင်ပြေချောမွေ့နေခဲ့ပြီ မဟုတ်လား။

ဒါပေမယ့် ခက်တာက သူ့စိတ်ထဲမှာ သန့်မနေတာပဲ။ မဖြစ်လောက်ပါဘူး။ သူ အရင်က ဒါမျိုးတွေ လုပ်ဖို့ မပြောနဲ့ စိတ်ကူးထဲတောင် မထည့်ခဲ့ဖူးဘူးဆိုတော့ လုပ်ရကောင်း နိုးနိုး၊ မလုပ်ရကောင်းနိုးနိုးဖြင့် ချိတုန်ချတုန်ဖြစ်နေမိသည်။ တစ်ဖက်ကလည်း သူငွေစပိုက်ပြီးပြန်အလာကို စောင့်နေတဲ့ သူ့မိန်းမ၊ အပြင်းဖျားနေသောမောင်မုန်တိုင်းလေးနှင့် ဆာလောင်နေကြသော သူ့သမီးငယ်တွေ၏ မျက်နှာကို သွားမြင်နေမိသည်။ သူ ဘာလုပ်ရမည်နည်း။ တစ်ဖက်ကလည်း အလွန်တစ်ရာ အောက်တန်းကျသည့် လုပ်ရပ်။ စိတ်ကူးလွန်ဆွဲပွဲ ခြိမ့်ခြိမ့်သည်းနေတုန်း ညနေခင်းတစ်ခုလုံးလိုလို အမှောင်နွံအိုင်ထဲ စုံးစုံးမြုပ်သွားခဲ့ပြီ။ ဒီလိုနှင့် နောက်ဆုံး အမှောင်ထုကပဲ အနိုင်ရသွားသည်ဆိုပါတော့။ အင်းလေ…ဘာတတ်နိုင်မှာလည်း။ အားလုံးကောင်းစားဖို့အတွက် သူစီမံရတာပဲ။ တောခြောက်ပြီး လူရိုင်းတွေရှာဖို့ သူ ပြတ်သွားစွာ ဆုံးဖြတ်လိုက်ပြီးပြီ။ ဘာပဲဖြစ်ဖြစ် အပျော်ကျူးတယ်ဆိုတာ ငွေပိုငွေလျှံရှိတဲ့ ကောင်တွေ လုပ်တဲ့ အလုပ်ဆိုတော့ ယဇ်ငွေလေး တစ်ဖတ်နှစ်ဖတ်နဲ့တော့ ဒီလူရိုင်းကောင်တွေအဖို့လည်း မထိခိုက်လောက်ပါဘူး။ တဖြေးဖြေး သူ့လိပ်ပြာတွေကို မလုံလုံအောင် အတင်းပြန်လည်ဖုံးဖိနေမိ၏်။

သစ်ကိုင်းခြောက်မာမာတစ်ခုကို လက်မှာ ခပ်မြဲမြဲဆုပ်လိုက်ပြီး ချစ်သူလမ်းကြားထဲသို့ မုဆိုးတစ်ကောင်လို သူ ခြေချွတ်နင်းကာ ၀င်သွား၏။ ခြေသံကို တတ်နိုင်သမျှလုံအောင်ထိန်းရင်း တောထဲက ခြိုးခြိုးချွတ်ချွတ်မြည်သံတွေကို သူနားစွင့်ရင်း လျှောက်သွားလိုက်တာ လမ်းသာဆုံး၍ ဘောလုံးကွင်း ဟိုဘက်ထိပ်သာရောက်သွားသည်။ သစ်ရွက်လေတိုးသံ ခပ်သဲ့သဲ့မှ လွဲ၍ ဘာသံမှ မယ်မယ်ရရ မကြားခဲ့ရ။ စိတ်ပျက်ပျက်နှင့် ဘောလုံးကွင်း အစပ်မှာ ထိုင်ချလိုက်မယ် လုပ်တုန်း မလှမ်းမကမ်း သစ်ပင်အောက်မှာ ဇိမ်ခံကားတစ်စီး ရပ်ထားတာ သွားတွေ့သည်။ အမဲရိုးမြင်လိုက်ရသော ခွေးငတ်တစ်ကောင်လို သူ အူမြူးသွားသည်။ ဒါကြီးက လူရိုင်းတွေ တောလည်ထွက်တဲ့ စီးတော်ယာဉ်မဟုတ်လား။ ဟုတ်တယ်လေ သူတို့ဆင်းရဲသားရပ်ကွက်တွေဘက်ကို ဒီလိုကားကြီးတွေ ဘယ်လိုနည်းနဲ့မှ ရောက်လာစရာအကြောင်းမှ မရှိတာ။ ခက်ခက်ခဲခဲ ဆက်စပ်တွေးနေစရာတောင်မလိုပဲ အဖြေက သူလိုချင်တာနှင့် ကွက်တိဖြစ်လွန်းနေသည်။ ဒါဆို ဒီတောနက်မှောင်မှောင်တွေထဲမှာ အနည်းဆုံး ယဇ်ပူဇော်ပွဲ တစ်ပွဲတော့ရှိနေတယ်ဆိုတာ သေချာနေပြီပေါ့။

လေးလံထိုင်းမှိုင်းသလို ဖြစ်သွားသော သူ့စိတ်တွေ မိုးပျံပူပေါင်းတွေလို ကြွတက်သွားပြန်သည်။ သူ ငွေရတော့မှာကိုး။ မကြာခင် ငွေစတွေ တစ်လူလူကိုင်ပြီး အိမ်ကို ရင်ကော့၍ ပြန်နေသော အိမ်ထောင့်တာဝန် ကျေပွန်သူ အိမ်ထောင်ဦးစီး တစ်ယောက်ကို ရပ်ကွက်လမ်းမများပေါ်တွင် တွေ့ကြရတော့မည်။ ဘာပဲဖြစ်ဖြစ်အားလုံး အဆင်ပြေသွားပြန်ပြီ မဟုတ်လား။

အသံကို တိုးတိုးတိတ်တိတ် လုံအောင်ထိန်းရင်း မြက်ရိုင်းတောတွေထဲကို တိုက်ရိုက် သူတိုးဝင်လာခဲ့သည်။ သိမ်မကြာလိုက်။ ကျောက်ခေတ်လူသားတွေ မီးခတ်နေသလို ခြိုးခြိုးချွတ်ချွတ်မြည်သံတွေ သူ့နားထဲ ခုန်ပေါက်ဝင်လာသည်။ ပို၍သေချာအောင် အသံလာရာဘက် တိုးသွားလိုက်တော့ ……ဟုတ်နေသည်။ ကျောက်ခေတ်ကလို အ၀တ်ဗလာဖြစ်နေသော လူရိုင်းနှစ်ယောက် သစ်ရွက်တွေဘာတွေတောင် ၀တ်မထားပဲ မီးခတ်နေကြသည်။ အမှောင်ထုကြောင့် သဲသဲကွဲကွဲမမြင်ရပေမယ့် ဒီနေရာမှာ တစ်ခြားလုပ်စရာ ဘာအကြောင်းမှလည်း မရှိတော့ …. ဒါပဲပေါ့။ သူ မဖမ်းခင် လူရိုင်းတွေ သစ်ရွက်တွေ၊ ဘာတွေဖုံးချိန်ရအောင် အနားထိအောင် လျှောက်မသွားပဲ ခပ်ဝေးဝေးကနေပြီှး အသံလှမ်းပေးလိုက်သည်။

“ တားမြစ်နယ်မြေထဲမှာ ဘယ်သူတွေကျူးကျော်နေကြတာလည်းကွ။ ရပ်ကွက်လုံခြုံရေးအရ ကင်းလှည့်လာတယ်ဟေ့ ”

အမှောင်ထုထဲမှာ အပျော်ကျူးနေကြသူတွေ ရုတ်တရက် လန့်ဖြန့်သွားပြီး ကမန်းကတန်း အ၀တ်အစားတွေ ကောက်စွပ်လိုက်ကြသည်။

“ ဟေ့…မေးနေတာ မကြားဘူးလားကွ။ ဒီမှာ ဘာမဟုတ်တာတွေ လာလုပ်နေကြတာလည်း။ ဒီနေရာကို ဘယ်သူမှ မလာရဘူးဆိုတာ နားမလည်ဘူးလားကွ။ ပြောနေကြာတယ်ကွာ….လာ ရပ်ကွက်ရ၀တရုံးကို လိုက်ခဲ့ကြ။ ဟိုကြမှ ကြည့်ရှင်းကြတာပေါ့ ”

သူတတ်နိုင်သလောက် အသံကို မာပြီး ဖိဟောက်ပြစ်လိုက်သည်။ အပျော်ကျူးသူက ပုဆိုးပြင်ဝတ်ရင်း တုန်တုန်ယင်ယင်ဖြင့်

“ မလုပ်ပါနဲ့ ဆရာရယ်။ တစ်ကြိမ်တစ်ခါ မိုက်မဲမိတာကို ဗွေမယူပါနဲ့။ ဒါလေး လက်ခံပြီး ချမ်းသာပေးပါခင်ဗျာ ” ဟု သူ့ကို ပြာပြာသလည်းလည်း တောင်းပန်ရင်း ငွေစက္ကူထောင်တန် အချို့ကို ကမ်းပေး၏။ သူမနောခွေ့သွားသည်။ အားလုံးက လျှောလျှောရှုရှုနှင့် ခွင်ထဲအံကျနေပြီ မဟုတ်လား။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ လုပ်ရင်း "ဟေ့ကောင်…မင်းက လူကို သူတောင်းစားများ မှတ်နေလား။ ဒါကိုငါက ဘာလုပ်ရမှာလည်း။ မင်းကွာ…ငါလုပ်လိုက်ရရင် ” ဟု ထပ်၍ပိတ်ဟောက်ပြစ်လိုက်တော့ ထိုသူက နောက် ထောင်တန်အချို့ထပ်ထုတ်လိုက်ပြီးး “ ဆရာ့ကို မစော်ကားရဲပါဘူး ဆရာရယ်။ ဒီတစ်ခါတော့ ဒီလောက်နဲ့ပဲ ချမ်းသာပေးပါဗျာ။ ပြီးတော့ ဒီမှာ…ဆရာ့အတွက်နောက်ထပ် လ္ဘက်ရည်ဖိုး…ဖိုး..ဟု မရဲတရဲနှင့် လက်ကမ်းလာတော့ သူက သနားသွားသည့် လေသံ ချက်ခြင်းဖမ်းပြောင်းပြစ်လိုက်ပြီး “ အေး…ဒီတစ်ခါတော့ ငါခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ မိရင်တော့ မင်းမလွယ်ဘူးမှတ်" ဟုပြော၍ စိတ်မပါသလိုနှင့် ငွေစက္ကူတွေကို လှမ်းယူပြစ်လိုက်သည်။ ပြီးတော့

“ ဟေ့ကောင်…ငါစိတ်မပြောင်းခင် ငါ့ရှေ့ကမြန်မြန်ထွက်သွားစမ်း” ဟုခပ်မာမာကလေး ထပ်ဟောက်လိုက်တော့ ထိုသူ သူ့ရှေ့မှ ဖနောင့်နှင့် တင်ပါး တစ်သားထဲကျအောင် ကားဆီသို့ အမြန်ပြေး၍ ကားကို ကမန်းကတန်း မောင်းထွက်သွားတော့သည်။

ပြည့်တန်ဆာမကတော့ ဦးခေါင်းကို ငုံ့ထားဆဲ။ ဒီကောင်မ ဆီကတော့ သူ ငွေတွေ၊ ဘာတွေ ထပ်ညှစ်မနေခြင်တော့။ သူလည်း မရှိလို့လုပ်စားတာပဲလေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အဆင်ပြေသွားပြီ မဟုတ်လား။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုတော့ သူချောင်းဟန့်သံ အရင်ပေးပြီး

“ ဟေ့…မင်းကရော ဘာလုပ်နေတာလည်း။ သွားတော့လေ ” ဟုထပ်ဟောက်ပြစ်လိုက်သည်။ ထိုအထိ ပြည့်တန်ဆာမက တုတ်တုတ် မလှုပ်သေး။ ထို့နောက်တွင်တော့ သူ့ကို ကြောက်သွား၍ ထင်သည်။ သူမ ကျိတ်၍ရှိုက်လိုက်သော အသံတိုးလျှလျှတို့ သူမပါးစပ်မှ အပြင်သို့ မသိမသာ ကျွံထွက်လာ၏။

ထိုရှိုက်သံသဲ့သဲ့ကြောင့် သူ့စိတ်တွေ မဆီမဆိုင်ပဲ ထိန့်လန့်သွားမိတာက ထိုအသံမျိုးကို သူ တရင်းတနှီးကြားဖူးနေ၍ဖြစ်သည်။

မြက်ရိုင်းရှည်ရှည်တို့ လေအယိမ်း၌ တိုးဝှေ့ဝင်ရောက်လာသော မှုံပြပြ မီးရောင်ဖြင့် သူမ၏ မျက်နှာကို ၀ိုးတိုးဝါးတား ပုံရိပ်ဖမ်းမိလိုက်သောအခါတွင်တော့ စုန်းသူရဲ အကောင်တစ်ရာကို တစ်ပြိုင်ထဲ တွေ့လိုက်ရသလို သူ့တစ်ကိုယ်လုံး သွေးဆုတ်ရပ်တန့်သွားတော့၏။


( ၆ )

အဘယ့်ကြောင့်ဆိုသော် ငွေစက္ကူခပ်နွမ်းနွမ်းတွေကို လက်တွေထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို အသက်မဲ့စွာ စိုက်ကြည့်နေသည့် သူ့မိန်းမ မငွေသွေး၏ ဖြူလျှလျှ မျက်နှာအား ကွက်တိကွက်ကြား အလင်းရောင်တို့အောက်၌ သွေးပျက်ခြောက်ခြားစွာ တွေ့ရှိလိုက်ရသောကြောင့်ပင်ဖြစ်တော့သည်။


<မင်းတစေ>

Thursday, June 5, 2008

ဧရာမြေမှ စာအံသံ


ဇွန်လရောက်ပြီ။ ကျောင်းများလည်း ဖွင့်ကြပြီ။ သို့မဟုတ် ကျောင်းအချို့ဖွင့်ကြပြီ။ အချို့အချို့သော ဒေသတို့၌တွင်ကား ဖွင့်စရာကျောင်းများသာရှိ၍ ကျောင်းလာအပ်သော ကလေးများ မရှိ၍လည်းကောင်း၊ ကလေးများ ကျောင်းလာအပ်ကြသော်လည်း ၎င်းတို့အား လက်ခံမည့်ကျောင်းများ ပျောက်ဆုံးနေကြ၍လည်းကောင်း၊ ကျောင်းရော ကလေးပါ အစအန ရှာမရတော့၍လည်းကောင်း ကျောင်းများ မဖွင့်ဖြစ်ကြသေး။ သို့မဟုတ် ကျောင်းများ မဖွင့်နိုင်ကြတော့။

ထိုဒေသကား အခြားမဟုတ်။ စားဖိုမှုးအမည်ခံ သားသတ်သမားတစ်စု၏ အတ္တကြီးပေါ့ဆမှုကြောင့် မကြာသေးမီ အချိန်က ပြုတ်ကျကွဲကြေ၍ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီဖြစ်သော မြန်မာပြည်၏ ထမင်းအိုးကြီး (ခေါ်) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသပင်ဖြစ်တော့သည်။

ဘာတွေဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နှစ်စဉ်ရောက်ရှိလာနေကြအတိုင်း ဇွန်လကတော့ အချိန်မှန်တိကျစွာ ရောက်ရှိလို့ လာခဲ့ပြန်လေပြီ။ ကျောင်းများဖွင့်သည် ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ ၊ ကလေးများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဇွန်လကတော့ ကလေးတို့စာအံသံ ထွက်ပေါ်လာမည့်အချိန်ကို မျှော်လင့်တကြီးစောင့်စားနေခဲ့ပြီဖြစ်သည်။ သို့သော် ကလေးများမရှိသည့်အရပ်မှ အဘယ်သို့သော စာအံသံမျိုးကို ဇွန်လက စောင့်မျှော်နေပါသနည်း။ ဇွန်လတစ်ကိုယ်ကောင်းဆန်လွန်းနေပါသလား။ ကျွန်ုပ်မပြောရက်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည်လည်း ဇွန်လနည်းတူ ကလေးတို့၏ စာအံသံကို စောင့်မျှော်နေသူတစ်ယောက် ဖြစ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။

ကလေးများအပေါ်တွင် ထားရှိသော ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ လွန်စွာပြင်းပြလွန်းနေပါသလား။ ကျွန်ုပ် မပြောတတ်တော့။ သို့သော် ဇွန်လကတော့ တစ်စုံတစ်ခုကို ကြိုသိနေသည့်အလား ငြိမ်ချက်သားကောင်းစွာပင် စောင့်မျှော်နေပါသည်။ ထိုအခါ ကျွန်ုပ်လည်း တောင်တောင်မြောက်မြောက် လျှောက်တွေးတောမနေတော့ပဲ ဇွန်လ၏နံဘေးတွင် အသာကလေးဝင်၍သာ ထိုင်နေလိုက်တော့သည်။ ဇွန်လကို အကြွင်းမဲ့ယုံကြည်ရန်မှတစ်ပါး ကျွန်ုပ်တွင် အခြားရွေးချယ်စရာလမ်း မရှိ၍တော့လည်း ဖြစ်သည်။

သို့သော် ကျွန်ုပ်၏ဇွန်လအပေါ် ထားရှိခဲ့သော ယုံကြည်မှုတို့ကား အချည်းနှီးမဖြစ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် ၎င်းမျှော်လင့်ထားသည့်အတိုင်း ဇွန်လ၏အစ ပထမ ညနေခင်း၌ပင် ကလေးတို့၏ စာအံသံများ ထူးဆန်းအံသြဖွယ်ရာ ထွက်ပေါ်လာခဲ့သောကြောင့်ပင်ဖြစ်သည်။

အစကတော့ ထိုစာအံသံတို့သည် ခေတ်စနစ်ဆိုး၏ သားကောင်များအဖြစ် ဆက်လက်ရုန်းကန်ရန် ကံမကောင်း အကြောင်းမလှစွာ အသက်ရှင်ကြွင်းကျန်ရစ်သော ကလေးများထံမှ ထွက်ပေါ်လာသည်ဟု သူထင်ခဲ့မိသည်။ သို့သော် နောက်ထပ်အချိန်ပိုင်းငယ် တစ်ခုမျှသာ အသက်ဆက်ပေးရန်တတ်နိုင်သော ပေါင်မုန့်တစ်ဖဲ့စာ အတွက် လမ်းမများပေါ်တွင် တိုက်ပွဲဝင်နေရသော သေလုမြောပါးကလေးငယ်များထံမှ ထိုကဲ့သို့သော စာအံသံ အဘယ်နည်းနှင့် မျှော်လင့်နိုင်မည်နည်း။ ထိုသို့ဆိုလျှင် ၎င်းစာအံသံတို့ အဘယ်အရပ်မှ ထွက်ပေါ်လာကြသနည်း။ အရာရာက စူးစမ်းစုံစမ်းမှု အပေါ်တွင်တည်နေသည်။

နောက်ဆုံးတော့ စာအံသံတို့ ထွက်ပေါ်လာရာ အရပ်ကို သူတွေ့ရှိခဲ့ပြီ။ အခြားတော့ မဟုတ်။ အပြစ်မဲ့ ကလေးငယ် ထောင်ပေါင်းများစွာကို ရက်စက်စွာဝါးမျိုစားသောက်ခဲ့သော သူ့ရှေ့တည့်တည့်ရှိ သေမင်းတမာန်ရေပြင်ကြီးအောက်မှပင် ဖြစ်တော့သည်။

………………………………………။…………………………………..

အစကတော့ ညှီစို့စို့ရေပြင်ကို လေတိုးတဲ့အသံ၊ ဒါမှမဟုတ်လည်း ပုပ်ပွပွအလောင်းကောင်တွေကို ငါးတွတ်တဲ့အသံဟု သူကထင်ခဲ့မိသည်။ အသံတွေက နိမ့်ချီတစ်ခါ၊ မြင့်ခါတစ်လှည့်ဖြင့် သိပ်မသည်းကွဲလှ။ တခါတရံတွင်လည်း ငိုသံလိုလို၊ ဗလုံးဗထွေး စကားသံလို ဖြစ်ဖြစ်သွားသည်။ ဒါပေမယ့် ဘာသံဆိုတာကို ဆုံးဖြတ်ဖို့ ကတော့ သိပ်မလွယ်လှ။ ဤသို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသကြီးအား မေးတင်ထားခဲ့သော သွေးနီရောင်နေလုံးကြီး တဖြည်းဖြည်းနိမ့်ဆင်းသွားခဲ့ပြီးနောက်တွင်တော့ အနက်ရောင်စောင်ထူထူကြီး တစ်ထည်အောက် ရုတ်တရက်ရောက်ရှိသွားသလို ပါတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်မဲမှောင်သွားတော့သည်။

အမှောင်ထုကြီးတဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ အော်ဟစ်ငိုယိုအစာတောင်းနေကြသော အသံတွေ တဖြည်းဖြည်းတိုး၍လာကြသည်။ ထို့နောက် ထိုဒေသကြီးတစ်ခုလုံး ခြောက်ခြားစွာ တိတ်ဆိတ်သွားတော့သည်။

မကြာခင်က သက်ရှိတို့၏ ရုန်းကန်ပေါက်ကွဲသံများဖြင့် ရောထွေးနေခဲ့သောကြောင့် မည့်သည့်အသံမှန်း မကွဲပြားခဲ့သော မြစ်ရေပြင်အောက်မှ ဗလုံးဗထွေးအသံတို့သည် ယ္ခုအခါ ယ္ခင်ကထက် ပို၍ပြတ်သားပီပြင်စွာဖြင့် မြစ်ရေပြင်အထက်သို့ ကြွတက်လာလေသည်။ သို့သော် အသံတို့မှာ ကြေကွဲဆွေးမြေ့မှုအား အက်သံစွက်ထားသော တိုးမျှင်းမျှင်းအသံငယ်ကလေးများ မျှသာဖြစ်၍ ပို၍ကြည်လင်ပြတ်သားသော အသံကိုရရှိရန် သူ့နားရွက်တွေကို ညှီစို့စို့ရေပြင်ပေါ်သို့ တတ်နိုင်သလောက် အနီးဆုံးကပ်၍နားထောင်ယူရသည်။ ထို့နောက်တွင်တော့ တဖြည်းဖြည်းနှင့် အသံတွေက သဲကွဲလာခဲ့သည်။ အော်…ကလေးငယ်တစ်ယောက် စကားပြောနေခဲ့တာကိုး။

“မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။”

ဒီကလေး ဘာတွေပြောနေပါလိမ့်ဟု အသေအချာနားစွင့်ရင်း သူ့နားရွက်တွေကို ရေထဲအထိ ဆွဲနှစ်ပြစ်လိုက်သည်။

“အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း”

သူအခုမှ သဘောပေါက်သွားသည်။ ရေထဲက ကလေးငယ်တစ်ယောက် စာအံနေတာကိုး။ ရေထဲတွင် ဦးတည်ရာမဲ့ မြောပါနေသည့်တိုင် ဒီကနေ့ ကျောင်းတွေဖွင့်ကြတာ ထိုကလေး သိနေပုံရသည်။ ထို့ကြောင့်လည်း သူရတဲ့သင်ခန်းစာတွေကို ရွတ်ဆိုနေတာပေါ့။ ထို့နောက် ကလေးငယ်က ၀မ်းနည်းသွားသလိုနှင့် စာအံသံကို ရပ်ပြစ်လိုက်သည်။ သို့သော် တခဏအကြာတွင်တော့ ရှိုက်သံရောနေသော ထိုကလေး၏ စာအံသံ တဖန်ထွက်ပေါ်လာပြန်သည်။

“ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။” ….ဟင့်…ဟီး..အီး

ဆက်လက်၍ ရွတ်ဆိုရန် အားအင်ကျန်ရှိပုံ မပေါ်တော့သော ကလေးငယ်သည် စာအံသည်ကို ချက်ချင်းရပ်၍ ရှိုက်ကြီးတစ်ငင် ငိုကြွေးပါတော့သည်။ သိပ်မကြာလိုက်။ ထိုကလေးငယ်၏စာအံသံကို အားကျ၍လား၊ သို့မဟုတ် ထိုကလေးငယ်အား ၀ိုင်းဝန်းနှစ်သိမ့်ချင်သည်လားတော့ မပြောတတ်။ ရေပြင်၏ အခြားအခြားသော အရပ်တို့၌တွင်လည်း အခြားမြောက်များလှစွာသော ကလေးငယ်တို့၏ စာအံသံတို့ ဟိုတစ်ပွက်ဒီတစ်ပွက်ဖြင့် ဆူညံစွာ ထွက်ပေါ်၍လာတော့သည်။

“ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား”

“တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။”

“ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ”

“အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။”

“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။”

“ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။”

“ တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။”

“မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း……..”

ဤသို့ဖြင့် စာသင်ခန်းတွေထဲ အပြိုင်အဆိုင် စာတွေအံနေကြသလို မြစ်ပြင်ကြီးတစ်ခုလုံး ကလေးတို့၏ စာအံသံများဖြင့် ဆူညံပွက်လောရိုက်သွားခဲ့သည်။ ထို့နောက်တွင်တော့ တစ်စုံတစ်ခုက ဖြည်းဖြည်းချင်းစုပ်ယူသွားသလို စာအံသံတို့ တဖြည်းဖြည်းဖြင့် ဝေး၍သွားကြပြန်သည်။ ညကလည်း အတော်နက်လှပြီ။ ကလေးတွေ မောသွားကြပြီ ထင်သည်။ သူတို့လေးတွေ အိပ်ယာဝင်ကြတော့မည်။

သူတွေးနေလို့မှ မဆုံးသေး။ သူ့ရှေ့တွင် တချိန်လုံး ငြိမ်ချက်သား ကောင်းနေခဲ့သော ရေပြင်ကြီး ငရဲမှ ချော်ရည်တွေ စိမ့်ထွက်လာသည့်အလား ဟိုဟိုဒီဒီ ပွက်ရာလေးများထလာသည်။ သူစိုက်ကြည့်နေစဉ်အတွင်း ထိုလှိုင်းပွက်ကလေးများ အချင်းချင်းပေါင်းဆုံသွားကြပြီး အရွယ်အစား အတော်ကြီးမားသော ရေဘ၀ဲကြီးတစ်ခုဖြစ်လာသည်။ အော်…ကလေးတွေ လူစုနေကြတာကိုး။ ထို့နောက်တွင်ကား ထိုရေဘ၀ဲကြီးအတွင်းမှ ကျယ်လောင်သော အသံကြီးတစ်ခု မြိုင်ဆိုင်စွာ ထွက်ပေါ်လာတော့သည်။

ထိုအသံကား အခြားမဟုတ်။ စာသင်ခန်းတွေထဲ ဆရာမက အရှေ့မှတိုင်ပြီးတိုင်း အနောက်မှ ကလေးများတက်ညီလက်ညီဖြင့် လိုက်လံ ရွတ်ဆိုကြသော အသံလို ကလေးများ စုပေါင်းစာအံရာမှ ထွက်ပေါ်လာသော စုပေါင်းစာအံသံကြီးပင် ဖြစ်သည်။

“ဘဘ၀၀ ထလို့က
ဘဘနိုင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။

ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ
နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်။

ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ

ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀”

နောက်ဆုံး သင်ခန်းစာ အရှည်ကြီးကို စုပေါင်း၍ရွတ်ဆိုလို့ အပြီးမှာတော့ ရေပြင်ကြီးတစ်ခုလုံး ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။ နောက်ထပ်စာအံသံများ ထွက်ပေါ်လာနိုး၊ ပေါ်လာနိုးဖြင့် အချိန်အတန်ကြာသည်အထိ သူစောင့်ဆိုင်း၍ နေခဲ့သော်လည်း ညှီစို့စို့ရေပြင်ကို လေတိုးသော တဖျပ်ဖျပ်အသံမှလွဲ၍ မည်သည့်အသံမှ ထပ်၍ပေါ်မလာတော့။ ဒီတစ်ခါတော့ သူတို့လေးတွေ တကယ်အိပ်ယာဝင်သွားကြပြီ။ ၎င်းတို့အား ဟိုဟိုဒီဒီ သယ်ဆောင်သွားလာနေသော မြစ်ပြင်ကျယ်ကြီးထဲ စုန်ဆန်မြောပါရင်း ကလေးငယ်တို့ နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားကြလေပြီ။ သို့သော် ၎င်းတို့၏ အိပ်မက်များ အတွင်းတွင်တော့ မပြီးပြတ်သေးသော သင်ခန်းစာများကို ကလေးတို့ ဆက်လတ်ရွတ်ဖတ်နေကြဦးမည် ထင်သည်။

ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားကြပြီဖြစ်၍ အနည်းငယ်လိုက်လံ ပြောင်းလည်းသွားပုံရသော သင်ရိုးညွှန်းတမ်းအသစ်မှ သင်ခန်းစာ အသစ်တို့ဖြင့် ကလေးတို့ တိတ်ဆိတ်စွာ အလုပ်ရှုပ်နေကြလေပြီ။

ဇွန်လရောက်ပြီ။ ကျောင်းများလည်း ဖွင့်ကြပြီ။ သို့မဟုတ် ကျောင်းအချို့ဖွင့်ကြပြီ။ အချို့အချို့သော ဒေသတို့၌တွင်ကား ဖွင့်စရာကျောင်းများသာရှိ၍ ကျောင်းလာအပ်သော ကလေးများ မရှိ၍လည်းကောင်း၊ ကလေးများ ကျောင်းလာအပ်ကြသော်လည်း ၎င်းတို့အား လက်ခံမည့်ကျောင်းများ ပျောက်ဆုံးနေကြ၍လည်းကောင်း၊ ကျောင်းရောကလေးပါ အစအန ရှာမရတော့၍လည်းကောင်း ကျောင်းများ မဖွင့်ဖြစ်ကြသေး။ သို့မဟုတ် ကျောင်းများ မဖွင့်နိုင်ကြတော့။

မည်သို့ပင်ဆိုစေကာမူ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်ကား ကလေးငယ်တို့၏ စာအံသံ မဆိတ်သုန်းခဲ့။

အဖြစ်အပျက်မှန်ကို သိရှိပုံမရသော ဇွန်လကတော့ ကလေးငယ်တို့၏ စာအံသံကြားပြီးသည် နှင့်တစ်ပြိုင်နက် စိတ်ချစွာ အိပ်ယာဝင်နှင့်ပြီ။ သို့သော် ထိုမရဏအိပ်မက်ပေါင်းများစွာ ပါဝင်သော အနက်ရောင် မှတ်တမ်းကြီးအား အစမှ အဆုံးတိုင် အသေးစိတ်သိနေပြီးဖြစ်ခဲ့သော သူ့အဖို့ကား အဘယ်သို့လျှင် အိပ်ပျော်နိုင်မည်နည်း။ ဤနေရာ၊ ဤဒေသ၌ သူ့အဖို့အိပ်စက်ရန် ဒီတစ်သက် ဖြစ်နိုင်မည်မထင်တော့။

မကြာမီ အာရုဏ်တက်တော့မည်။ ထိုအခါ ကလေးများထ၍ စာအံကြဦးမည် ထင်သည်။ သူ့အနေနှင့်ကလည်း ထိုစာအံသံတို့ကို ထပ်မံကြားချင်နေပြန်သည်။ ထို့အပြင် ထိုစာအံသံတို့ ထပ်မံထွက်ပေါ်လာရန် သူ ဒီနေရာမှာ ဆက်ရှိနေဖို့ကလည်းလိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ကလေးများ စာအံချိန်၌ တစ်စုံတစ်ယောက်သည် နားထောင်သူအဖြစ် ရှိနေရလိမ့်မည်ဟု အဆိုရှိသည် မဟုတ်လား။

(ထို့အပြင်)

နှစ်စဉ် ဇွန်လရောက်တိုင်း ကလေးများ မပျက်မကွက် စာအံနေကြရန် အမြဲတမ်းလှုံ့ဆော် စောင့်ကြည့်ပေးနေဖို့ဆိုတာ သူ့လို ကျောင်းဆရာတစ်ယောက် မဖြစ်မနေ လုပ်ဆောင်ပေးရမည့် တာဝန်ပင် မဟုတ်ပါလား။

<မင်းတစေ>

Friday, February 22, 2008

အဝေးဆုံးအရပ်မှပို့သောစာ


မနက်က စာတိုက်ကတဆင့် လှမ်းပို့လိုက်တဲ့ စာတစ်စောင် ကျွန်တော့်ဆီရောက်လာတယ်။ လူတစ်ယောက်ဆီ စာတစ်စောင်ရောက်လာတာ ရေးကြီးခွင်ကျယ် လုပ်ရလောက်အောင် သိပ်တော့မထူးဆန်းလှပေမယ့် ထူးဆန်းတာက စာပို့သူရဲ့ နာမည်နဲ့ လိပ်စာကလည်း စာလက်ခံရရှိသူ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့လိပ်စာပဲ ဖြစ်နေခဲ့လို့ပေါ့။

အစသန်တဲ့ သူငယ်ချင်းတစ်ယောက်ယောက်က နောက်လိုက်တာ နေမှာပါဆိုတဲ့ အတွေးနဲ့ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာတွေ့လိုက်ရတာကလည်း ကျွန်တော့်လက်ရေးတွေပဲ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အံ့သြမှုက အထွတ်အထိပ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုးငယ်ငယ်လေးကတည်းက စာဆိုတာယောင်လို့တောင် ကျွန်တော် မရေးဘူးခဲ့လို့ပါပဲ။

မဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူးလို့ ဘယ်လောက်ပဲ ငြင်းဆန်နေခဲ့ပေမယ့် ကျွန်တော်ကလွဲရင် တခြားဘယ်သူမှ မတုပနိုင်တဲ့ စုတ်ချာချာလက်ရေးမျိုးနဲ့ ရေးထားပြီး ကျွန်တော်ကိုယ်တိုင် ဘယ်အချိန်ကသွားထည့်လိုက်မှန်း မသိတဲ့ စာတစ်စောင်ကတော့ ကျွန်တော့်လက်တွေထဲပြန်လည် ရောက်ရှိလို့နေခဲ့ပြီလေ။ ဒါပေမယ့် စာဆိုတာ အရမ်းဝေးနေကြပြီး တော်တန်ရုံ တွေ့ခွင့်မရတဲ့သူတွေမှ ရေးကြတာမျိုးဆိုတော့ ကျွန်တော်က ကျွန်တော်နဲ့အဆက်အသွယ် အလွယ်တကူ လုပ်လို့မရတဲ့ ဟိုးအဝေးတနေရာမှာ ရောက်ရှိနေခဲ့တဲ့ သဘောမျိုး သက်ရောက်နေခဲ့တာပေါ့။ ဟင့်အင်း မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော့်နားကနေ ဘယ်တုန်းကမှ မခွါခဲ့ဘူးပါဘူး။ စဉ်းစားရင်း ခေါင်းပိုရှုပ်လာတာနဲ့ ကျွန်တော်လည်း ထွေထွေထူးထူး လျှောက်တွေးမနေတော့ပဲ စာကိုပထမစာမျက်နှာကနေစပြီး ဖြည်းဖြည်းခြင်း စဖတ်ကြည့်လိုက်တယ်။

မိတ်ဆွေ /

ခင်ဗျား သိပ်အံ့သြသွားလား။ တကယ်တော့ ကျွန်တော်က ခင်ဗျားထင်နေသလို တခြားသူ တစ်ယောက်မဟုတ်ပါဘူး။ ခင်ဗျားစားသလိုစား၊ ခင်ဗျားသွားသလိုသွား၊ ခင်ဗျားအိပ်သလိုအိပ်ပြီး ခင်ဗျားဘာတွေပဲလုပ်နေနေ မသွေမတိမ်း လိုက်လိုက်လုပ်နေတတ်တဲ့ ဒီစာကိုဖတ်နေတဲ့ ခင်ဗျားကိုယ်တိုင်ပါပဲ။ ဒါပေမယ့် လုံးဝခင်ဗျားလားဆိုတော့လည်း မဟုတ်ဘူးဗျ။ တူညီတဲ့ဦးနှောက်တစ်ခုထဲမှာ အတူခိုလှုံနေထိုင်နေကြပေမယ့် ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေ အရိပ်ကျပုံခြင်းကတော့ လုံးဝကွဲပြားခြားနားနေကြတယ်လေ။

ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဗရမ်းဗတာဖြစ်နေတဲ့ ခင်ဗျားရဲ့အတွေးအခေါ်တွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း လိုက်တွေးပေးတတ်တဲ့ ကျွန်တော့်အတွေးအခေါ်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်နေခဲ့လို့ပါပဲ။ ဖြစ်သင့်တဲ့အရာတွေက ချော်ထွက်ပြီး ထင်ရာတွေကိုပဲ စွတ်စွတ်လုပ်နေတတ်တဲ့ ခင်ဗျားကို ကျွန်တော်ကြည့်မရတာ အတော်လေးကြာပြီပေါ့။ ဒါပေမယ့် တစ်ချိန်မှာတော့ ခင်ဗျားကိုယ့်ကိုကိုယ်ပြုပြင်သွားမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားလုပ်သမျှ ဘာမှဝင်မစွက်ပဲ ဒီအတိုင်းရပ်ကြည့်နေခဲ့တယ်။ အချိန်တွေသာကုန်သွားတယ်။ ခင်ဗျားက မပြုပြင်တဲ့ အပြင် ပိုပြီးတဇောက်ကန်းနိုင်လာတော့လည်း ကျွန်တော်ကမတတ်သာတဲ့အဆုံး ၀င်စွက်ရတော့တာပါပဲ။

အချစ်ဆိုတဲ့ကောင်ကို ငါဘယ်တော့မှ အရှုံးမပေးဘူးဆိုပြီး ကတုန်ကျင်းဆန်ဆန် စိတ်ဓါတ်တွေနဲ့ တသက်လုံးခုခံကာကွယ်လာခဲ့တဲ့ ခင်ဗျား အခုတော့ ဘာတတ်နိုင်သေးလည်း။ အချစ်က မြေကြွက်လိုဗျူဟာတွေသုံးပြီး မြေအောက်တွေထဲက ထိုးဖောက်ဝင်ရောက်လာတော့လည်း အရှုံးပေးလက်နက်ချလိုက်ရတာပဲ မဟုတ်လား။

ခင်ဗျားပြောဘူးပါတယ်။ အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ဗဟိုသိပ်ပြုလွန်းတဲ့ ကောင်တွေမှ ကူးစက်နိုင်တဲ့ရောဂါလို့။ အဲဒီအတိုင်းဆိုရင်တော့ ခင်ဗျားလည်း အခြားလူတွေနဲ့ ဘာမှမထူးတဲ့ ပရအရေခွံခြုံထားတဲ့ အတ္တခန္ဓာကိုယ်နဲ့ လူတစ်ယောက်ပါပဲ။

တကယ်တမ်းတော့ အတ္တမကြီးအောင်ဆိုပြီး အတင်းကျိတ်မှိတ်ကြိုးစားနေတာကိုက အကြီးမားဆုံးအတ္တတစ်ခုဖြစ်အောင် ခင်ဗျားမွေးမြူနေခဲ့တာပဲ။

ဘာကောင်မှ မဖြစ်ချင်ဘူးလို့ တွင်တွင်ပြောနေခဲ့တာကိုက သုညအကြီးကြီးတစ်ကောင်ဖြစ်ဖို့ လျှို့ဝှက်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ခင်ဗျား သွယ်ဝိုက်ပြီး ပြောပြနေခဲ့တာပဲ။

ဘ၀ရဲ့လက်တွဲဖော် မဖြစ်မနေရွေးရတော့မယ်ဆိုရင် ဘယ်လိုအရည်အချင်းရှိတဲ့ လက်တွဲဖော်မျိုးရွေးမှာလည်းဆိုတော့ ခင်ဗျားက မိန်းမတစ်ယောက်ဖြစ်ရမယ်တဲ့။ မိန်းမတစ်ယောက်ဖြစ်နေရုံနဲ့ ပြီးပြည့်စုံပြီလားလို့ ကျွန်တော်ကထပ်မေးတော့ ခင်ဗျားက “အင်း” တဲ့။ ဒါဆို ခင်ဗျားရွေးချယ်လိုက်တဲ့ မိန်းမက ပြည့်တန်ဆာတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရောဗျာ ဆိုတော့ ခင်ဗျားက “ဂုဏ်ယူစရာပေါ့ဗျ။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာလုပ်ငန်းဆိုတာ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု မဟုတ်လား”တဲ့။

ဟားဟား...... သိပ်ရီစရာပြောတတ်တာပဲနော်ဆိုတော့ ခင်ဗျားက ပြည့်တန်ဆာခေါင်းတစ်ယောက်ဟန်နဲ့ ကျွန်တော့်ကို ပုခုံးနှစ်ဖက်တွန့်ပြတယ်။ ဘာအဓိပ္ပါယ်နဲ့ အဲသလိုလုပ်ပြသလည်းဆိုတာ ကျွန်တော်နားမလည်ပေမယ့် ခင်ဗျားကို နားလည်ဖို့ကြိုးစားလေလေ ပိုရှုပ်လာလေလေဆိုတော့ ကျွန်တော်လည်း အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှကိုထပ်မမေးခဲ့တော့တာပေါ့။

ဝီလျှံရှိတ်စပီးယားထက် အဲလ်ဘတ်ကမူးကို ခင်ဗျားက ပိုနှစ်သက်တယ်။ အေဂျေကရိုနင်ထက် ယန်းပေါဆတ်ကို ခင်ဗျားက ပိုလေးစားတယ်။ ဆမ်းမားဆက်မွန်ထက် ဖရန့်ကပ်ဖ်ကာကို ခင်ဗျားက ပိုကိုးကွယ်တယ်။ အနုအရွရသမှန်သမျှကို ထာဝရငြင်းပယ်နေတတ်ပြီး အကြမ်းထည်အလှတွေကိုပဲ တကယ့်အလှတရားလို့ ခင်ဗျားကမြင်နေတတ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားယုံကြည်တဲ့ အဲဒီ ခပ်ကြောင်ကြောင်အတွေးအခေါ်ရှင်တွေကိုယ်တိုင် လူ့ဘ၀ရဲ့ ရုန်းရင်းဆန်ခတ်မှုတွေအောက် ဘယ်လောက်ရုန်းကန်သွားရတယ်ဆိုတာ ခင်ဗျား သတိမှပြုမိလိုက်ရဲ့လား။

ဘာသာတရားတွေကို မိရိုးဖလာဇွတ်မှိတ်ပြီး မယုံကြည်ကြဖို့ကိုလည်း လူတွေ့တိုင်း ခင်ဗျား နားချခဲ့တယ်။ ဒါပေမယ့် လူဆိုတာ မိရိုးဖလာမကလို့ ကမ္ဘာဦးအစဉ်အလာပဲဖြစ်ဖြစ် တန်ခိုးအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်အောက်မှာရှိနေမှ ကိုယ့်ကိုကိုယ် လိပ်ပြာလုံတဲ့ အမျိုးဆိုတာကိုတော့ ခင်ဗျားမေ့နေခဲ့တယ်။ ဘုရားသခင်ဆိုတာကြီးသာ တကယ်ရှိနေရင် ဘုန်းကြီးတွေရှိစရာ ဘယ်လိုလေလိမ့်မတုန်း ဆိုတဲ့ ဘုရားသခင်ကို ဇွတ်မှိတ်ငြင်းပယ်တဲ့ ခင်ဗျားရဲ့ အကြောင်းပြချက်တွေ မှန်နေတယ်ပဲထားပါတော့။ လူ့ဘ၀ရဲ့ ဗရမ်းပတာနိုင်မှုကို ဟန်ချက်ညီအောင် ထိန်းကွပ်ဖို့ စည်းမျဉ်းဥပဒေသတွေ ခင်ဗျား ဘယ်နားက သွားရှာမလည်း။ လူတွေသာ ငရဲနဲ့ နိဗ္ဗာန်ဆိုတဲ့ ခြောက်လုံး၊ ချော့လုံးတွေ တကယ်ရှိမနေမှန်းသိသွားကြရင် မကောင်းမှုဆိုတာတွေကို စိတ်ရှိလက်ရှိ ကျူးလွန်ကြတော့မယ်ဆိုတာ ခင်ဗျားနည်းနည်းလေးမှ မတွေးမိဘူးလား။ ပြီးတော့ ခင်ဗျားဘက်က ဘုရားသခင်ထက်သာတဲ့ စည်းမျဉ်းတွေ ဘယ်လောက်ပဲ ချပြနိုင်နေခဲ့ပါစေ။ တန်ခိုးရှင် တစ်ယောက်မဟုတ်တဲ့ ခင်ဗျားလိုသာမန်လူတစ်ယောက်ရဲ့ ပညတ်ချက်တွေကို ဘယ်သူကများ အရေးတယူလာလုပ်နေကြမှာလည်း။

အဲဒီတော့ အယောင်အဆောင်မကလို့ လူလိမ်ကြီးတစ်ယောက်ပဲဖြစ်နေနေ ဘုရားသခင် သူ့ဖာသာရှိပါစေ။ အနည်းဆုံး သူ့ကိုယ်စား တရားတွေ အာပေါက်အောင် လိုက်ဟောနေဖို့ ခင်ဗျား အချိန်တွေ ကုန်စရာတော့ မလိုတော့ဘူးပေါ့။ ခင်ဗျား ဖြစ်စေချင်တာတွေကို ခင်ဗျားရဲ့ ဒိဋ္ဌိဆန်ဆန်အတွေးအခေါ်တွေထဲမှာ လူမသိအောင်တိတ်တိတ်လေးပြန်သိမ်းလိုက်။ ပြီးတော့ ခင်ဗျားပါးစပ်ကို လူတွေဘက်လှည့်ပြီး အဲဒီလို ခပ်ကျယ်ကျယ်လေး တစ်ခွန်းလောက်အော်ကြည့်လိုက်။

“ မြူမှုံတစ်စက်မှစ၍ မိုးကောင်းကင်အဆုံးထိ အရာခပ်သိမ်းသော သက်ရှိသက်မဲ့ အပေါင်းတို့သည် ဘုရားသခင်၏ မြင့်မြတ်ကြီးကျယ်တော်မှုလှသော ဂုဏ်ကျေးဇူးတော်တို့အောက်၌ ထာဝရအေးချမ်းငြိမ်သက်စွာတည်ရှိနေကြ၏ ” လို့။

ကဲ…ဘယ်သူကများ မိစ္ဆာဒိဋ္ဌိလို့ ခင်ဗျားကို ထပ်ခေါ်ကြသေးလည်း။

ဘွဲ့လက်မှတ်ဆိုတာ အလကား။ တကယ့်ပညာရေးဆိုတာ စာသင်ခန်းတွေရဲ့ အပြင်ဘက်မှာပဲရှိတယ်ဆိုပြီး ကိုယ်ပိုင် ပညာရေးအားနည်းချက်ကို လိုက်လံဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ ခင်ဗျား အခုတော့ ထမင်းနပ်မှန်မှန်စားရဖို့ နဖူးကချွေး ခြေမကျအောင် ရုန်းကန်နေရပြီ မဟုတ်လား။ ဒါနဲ့တောင် ဘွဲ့လက်မှတ်တွေရဲ့ အရေးပါမှုကို ခင်ဗျားက ခေါင်းမာမာနဲ့ ငြင်းဆန်နေတုန်း။ ခင်ဗျား ထပ်စောဒကထပ်တက်ဦးမှာပဲ မဟုတ်လား။ ထမင်းကို နေ့တိုင်းမှန်မှန်စားရဖို့ လိုအပ်တယ်လို့ ထင်နေတာကလည်း မိုက်မဲတဲ့ အတွေးအခေါ်တစ်ခုလို့။ ပြီးတော့ ထမင်းတစ်လုပ်စားရဖို့အတွက်နဲ့တော့ ကိုယ်မယုံကြည်တာတွေထဲမှာ အချိန်ကို ဇွတ်မှိတ်ပြီး နှစ်မထားသင့်ဘူးလို့။ ထားပါတော့ ခင်ဗျားက မစားပဲ နေနိုင်တယ်။ ဒါပေမယ့် နောင်တစ်ချိန် အိမ်ထောင်တွေ ဘာတွေကျပြီး ခင်ဗျား သားမယားတွေ လူလိုသူလို စားသောက်နေနိုင်ဖို့ အတွက်ကရော။ အဲဒီတော့လည်း ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ပဲ ပြန်လက်ထပ်လိုက်ရုံလို့ပေါ့ ခင်ဗျားပြောဦးမှာပဲ မဟုတ်လား။

လူတိုင်းက လုပ်နေတိုင်း လိုက်လုပ်နေစရာ မလိုဘူးလို့ ခင်ဗျားဘယ်လောက်ပဲ ပြောနေနေ တစ်ခါတလေ လူ့ဘ၀ ရတုန်းလေးမှာတော့ ဘ၀ကို အဓိပ္ပါယ်ရှိရှိနေသင့်တယ်လို့တော့ ခင်ဗျား မထင်မိဘူးလား။ ဒါပေမယ့် လူ့ဘ၀အဓိပ္ပါယ်ဆိုတာ ဘယ်လိုသတ်မှတ်တာလည်းလို့ ခင်ဗျားက စကားကပ်ပြီး ပြန်မေးနေခဲ့တော့ အိပ်ချင်ဟန်ဆောင်နေတဲ့ လူတစ်ယောက်ကို နိုးဖို့ ကျွန်တော်လည်း လက်လျှော့လိုက်ရတော့တာပေါ့။

ခင်ဗျားဖာသာခင်ဗျား ဘယ်လောက်ပဲ ခေါင်းမာနေနေ ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ကျွေးမွေးပြုစုလာတဲ့ ခင်ဗျား မိဘတွေလောက်တော့ အနည်းဆုံး ခေါင်းထဲထည့်ထားသင့်တာပေါ့။ “ အင်း…ဒါကတော့ လောကနိယာမပဲ။ မွေးခဲ့မှတော့ တာဝန်အရ ကျွေးခဲ့ရတော့မှာပေါ့” ဆိုတဲ့ အဇာတသတ်ဆန်ဆန် စကားလုံးတွေနဲ့ မိဘတွေရဲ့ ဂုဏ်ကျေးဇူးကို ငြင်းပယ်ဖို့ ကြိုးစားနေတာကတော့ ခင်ဗျားမှားနေတယ်ထင်တာပဲ။

ခင်ဗျားအဖေက “ မင်းကတော့ ခွေးဖြစ်မယ့်ကောင်” ဆိုပြီး ခင်ဗျားကို ဘယ်လိုပဲ ကျိန်ဆဲလာခဲ့ပေမယ့် ခင်ဗျားကို လူလိုသူလိုဖြစ်အောင် သူတတ်နိုင်သလောက် ကြိုးစားခဲ့တယ် ဆိုတာကိုတော့ ခင်ဗျားငြင်းလို့မရပါဘူး။ အင်းလေ..ခင်ဗျားကိုယ်တိုင်က မိဘနေရာမှာ မခံစားဘူးသေးတော့လည်း ဘယ်ကိုယ်ချင်းစာပေးနိုင်ပါ့မလည်း။

အစိုးရဆိုတာ အစတော့ရိုးတယ်။ ဒါပေမယ့် အလယ်မှာ တစ်ဖြေးဖြေးဆိုးလာတတ်ပြီး အဆုံးမသတ်ခင်အထိ ကမ်းကုန်အောင်မိုက်နေတတ်တဲ့ အဖွဲ့အစည်းလို့ ခင်ဗျား မကြာခဏ ပြောနေတတ်ခဲ့တယ်။ ဘာမဟုတ်တဲ့ အဲဒီလို စကားလေးတစ်ခွန်းကြောင့် ခင်ဗျား ထောင်ထဲမှာ တသက်လုံးနေသွားရနိုင်တယ်လို့ ကျွန်တော်က သတိပေးတော့ ခင်ဗျားက “အခုရော ကျွန်တော်တို့ ဘယ်ထဲမှာ ရှိနေကြလို့လည်းဗျ။ ဘာထူးလို့လည်း။ ထောင်ထဲမှာပဲ ရှိနေကြတာလေ။ အဲဒီတော့ ထောင်အကြီးကြီးထဲကနေ ထောင်အသေးလေးထဲ ရွှေ့ခံရလိမ့်မယ်လို့ စကားကိုပြန်ပြင်ပြောပါ”တဲ့။

ဘာပဲဖြစ်ဖြစ်ဗျာ။ ထားလိုက်။ ဒါပေမယ့် ခင်ဗျား အဲဒီလို လေအကုန်ပြီး လျှောက်ပြောနေရုံနဲ့ ကျွန်တော်တို့ အတွက်ကဘာများ ထူးလာနိုင်လို့လည်းဗျာဆိုတော့ ခင်ဗျားက “ထူးတာပေါ့ဗျာ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက မိသားစုတွေ တစ်အိမ်တစ်ယောက်သာ အဖမ်းခံရကြည့်။ အားလုံး စိတ်နာပြီး တော်လှန်ရေးထဲ ပါလာကြလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ လူဆိုတာ ကိုယ့်အသားကို တိုက်ရိုက်လာမထိသရွေ့ အများစုကတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေကြမှာပဲလေ။ အဲဒါကြောင့် ကျွန်တော့်မိသားစု အသိုင်းအ၀ိုင်းတစ်ခုလုံး ဒီတော်လှန်ရေးထဲပါဝင်လာဖို့က ကျွန်တော် အဖမ်းခံရဖို့လိုအပ်သလို ခင်ဗျားမိသားစုတစ်ခုလုံး ပါဝင်လာဖို့ကလည်း ခင်ဗျားအဖမ်းခံရဖို့လိုတယ်။ အဖမ်းခံရတဲ့ လူဦးရေ များလာလေလေ၊ စိတ်နာတဲ့လူဦးရေ များလာလေလေဖြစ်ပြီး စိတ်နာတဲ့ လူဦးရေများလာလေလေ တော်လှန်ရေးအခြေခိုင်လာလေလေပဲဗျ ” တဲ့။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ဗျာ လုပ်ရတာနဲ့ ရင်းရတာ မထိုက်တန်ဘူးဗျ ဆိုတော့ ခင်ဗျားက “အခုရော ကျွန်တော်တို့တွေ ထိုက်တန်တဲ့ ဘ၀တွေရနေလို့လား။ တကယ်က အဓိပ္ပါယ်မဲ့စွာ အသက်ရှင်နေရတာထက်စာရင် အဓိပ္ပါယ်ရှိရှိဘ၀တုံးသွားရတာက ပိုမြတ်တယ်ဗျ။ ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေက ဘာကိုမှ မပြောင်းလည်းပေးနိုင်ခဲ့တောင် ခင်ဗျားကိုယ် ခင်ဗျား လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိခဲ့လေခြင်းလို့ နောင်တတွေရမနေနိုင်တော့ဘူးပေါ့ဗျာ။ အနည်းဆုံးတော့ ခင်ဗျားကိုယ်ခင်ဗျား လိပ်ပြာလုံနေနိုင်ပြီး ကိုယ့်ကိုကိုယ်ပြန်ရှက်နေစရာလည်း မလိုတော့ဘူးပေါ့ဗျာ” တဲ့။

ကိုယ့်လိပ်ပြာများ ကိုယ်ပြန်ပြီး ဘာဂရုစိုက်နေစရာ လိုလို့လည်းဗျာ။ မလုံတော့လည်း ဘာအရေးလည်း။ နေတတ်ရင် ကျေနပ်စရာတွေချည်းပါဗျာ လို့ ကျွန်တော်ကပြောလိုက်တော့ ခင်ဗျားက ကျွန်တော်ဘက်လှည့်မကြည့်ပဲ တခြားတဖက်ကို တံတွေးတချက်လှည့်ထွေးတယ်။

ခင်ဗျား တော်တော်မိုက်ရိုင်းတာပဲ။ အင်းလေ ကျွန်တော့်မျက်နှာပေါ်ထွေးချတာမှ မဟုတ်တာ။ အောင့်သီးအောင့်သက်ဖြစ်ရုံကလွဲလို့ ကျွန်တော်လည်း ဘာတတ်နိုင်မှာလည်း။ ခင်ဗျားဒုက္ခရောက်မှာစိုးလို့ ကျွန်တော်က စေတနာနဲ့ ပြောတာပါဗျ ဆိုတော့ ခင်ဗျားက “ဒါစေတနာ မဟုတ်ဘူး။ လူကို သူရဲဘောမကြောင်ကြောင်အောင် လာပြီးဖျားယောင်းသွေးဆောင်နေတာ” တဲ့။

ခင်ဗျားက ငါးကိုလုံးဝမစားပေမယ့် အမဲသားတော့ တော်တော်ကြိုက်တယ်နော်။ ဒါပေမယ့် ကိုယ့်ကျေးဇူးရှင်ကို ပြန်စားနေတာကတော့ မကောင်းဘူးဗျ ဆိုတော့ ခင်ဗျားက “ထွန်စက်နဲ့ စိုက်ပျိုးတဲ့ ခေတ်ရောက်နေပြီဗျ။ ခင်ဗျားလယ်ကွင်းလေးထဲဘာထဲ ဆင်းကြည့်ပါဦး" တဲ့။

ဒါဆို လူတော်တော်များများကလည်း ကျွန်တော်တို့ ကျေးဇူးရှင်တွေမဟုတ်ဘူးဗျ။ သူတို့အသားကြတော့ ခင်ဗျားဘာလို့မစားတာလဲလို့ ကျွန်တော်ကနောက်လိုက်တော့ ခင်ဗျားက ကျွန်တော့်ကို စိမ်းစိမ်းကြီး တစ်ချက်စိုက်ကြည့်ပြီး “စားသင့်ရင်တော့ စားရမှာပဲဗျ” တဲ့။

အဲဒီလိုကြည့်လိုက်တဲ့ ခင်ဗျားရဲ့မျက်လုံးတွေထဲမှာ မကောင်းဆိုးဝါးတွေ အုပ်စုဖွဲ့ပြီး ကခုန်နေကြတာ မထင်မှတ်ပဲတွေ့လိုက်ရတော့ ကျွန်တော်လည်း ခင်ဗျားကို နုတ်တောင်မဆက်ရဲတော့ပဲ ခင်ဗျားရှေ့ကနေတစ်ချိုးထဲ လစ်ထွက်လာခဲ့တော့တာပေါ့။ အဲဒီနောက်ပိုင်း ခင်ဗျားရှိနေတတ်တဲ့ နေရာတွေကို သတိထားပြီးရှောင်ကျဉ်နေတတ်ခဲ့တာ ဒီကနေ့အထိပဲဆိုပါတော့ဗျာ။

<မင်းတစေ>

Tuesday, February 12, 2008

အချစ်ဆိုရာဝယ်




“ကိုယ်က ပန်းတပွင့်ကို ခူးမိလိုက်ပြီဆို မရဘူး။ ရနံ့တွေကို တစ်ထိုင်ထဲနဲ့ ကုန်သွားအောင် အသေအခြာကို နမ်းရှုံ့ပြစ်လိုက်ရမှ၊ လူမှာလည်းဒီလိုပဲ ချစ်မိပြီဆို မရဘူး………."

သူ့စကားကို ဆုံးအောင်တောင်နားမထောင်တော့ပဲ အထင်လွဲသွားသော ချစ်သူကောင်မလေး သူ့ကို မုန်းတီးစက်စုပ်စွာ ကြည့်၍ သူ့အပါးမှ လိပ်ပြာတစ်ကောင်လို ချာကနည်း လှည့်ပျံထွက်သွားသည်။ ပြီးတော့ လေထဲတွင်တောင်ပံများကို ခဏရပ်၍ လှည့်ပြောသွားသည်က

‘ရှင်က အခွင့်အရေးသမား ပဲနော်’

တဖြေးဖြေးနှင့်သူမမြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ သူစကားမပြောတတ်သလို အကြာကြီးငြိမ်နေမိသည်။ ခဏကြာတော့မှ သူသတိပြန်ဝင်လာသည်။

တကယ်ဆို ကိုယ့်ရဲ့တောင်ပံ ခတ်သံကိုလည်း မင်းဆုံးအောင်နားထောင်သင့်တာပေါ့ လိပ်ပြာလေးရယ်။

“…..၊ လူမှာလည်း ဒီလိုပဲ ချစ်မိရင်မရဘူး ရူးရူးမူးမူးနဲ့ ထွေးပိုက်ပြီး အချစ်ရဲ့ရနံ့တွေကို တဘ၀လုံးစာ ရူရှိုက်မိနေတော့မှာ ” လို့ ကိုယ်က ကဗျာဆန်ဆန်လေး တင်စားမလို့ပါကွာ။

ကိုယ့်ရင်ထဲမှာ တ၀ီဝီမြည်နေတဲ့ နှလုံးသားရဲ့ အင်ဂျင်သံတွေကို မင်းတကယ်ပဲ မကြားမိတာလား။ မင်းဆိုတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ် ဘရိတ်မဲ့စွာ မောင်းနှင်နေခဲ့တာ ကြာလှပေါ့။

တကယ်ဆို ဘယ်တော့မှ ဆတ်ဆတ်ထိမခံတဲ့ မင်းကိုချစ်နေရတာက သင်ဓုန်းဓါးတစ်လက်ပေါ်က ပြားရည်စက်ကို လျှာနဲ့ယက်နေရသလို အချစ်ရဲ့ချိုမြိန်တဲ့အရသာထက် ဓါးသွားရဲ့စူးရှတဲ့ဒါဏ်ကို ကိုယ်ကပိုခံနေခဲ့ရပါတယ်။

ပြီးတော့ အချိန်မရွေးကြွပ်ဆတ်ပေါက်ကွဲနေတတ်တဲ့ မင်းကို ငါနမ်းသာနမ်းနေခဲ့ရတယ်။ အချိန်ကိုက်ဗုံးမြုပ်ထားတဲ့ နှင်းဆီပန်းတပွင့်ကို နမ်းရှုံ့နေရသလို ဘယ်အချိန် ထပေါက်လိုက်လေလိမ့်မလည်းလို့ စိုးရိမ်ပြီးနမ်းနေခဲ့ရတော့ နမ်းတိုင်းလည်းနုတ်ခမ်းရာ မထင်ခဲ့ရပါဘူးကွယ်။

ငါ့မှာတော့ ချစ်လိုက်ရတာတုန်နေတာပဲ။ မင်းကတော့ ငါ့ကိုတစ်ခါတလေ စဖို့၊ တစ်ခါတလေ စိတ်ကောက်ဖို့နဲ့ တခါတလေ နားပူနားဆာ လုပ်ဖို့တွေ အတွက်လောက်ပဲ သဘောထားခဲ့တယ်ဆိုကိုလည်းငါက သိနေခဲ့ပါတယ် ချစ်သူ။

တခါက မိုက်ကယ်အိန်ဂျလိုရဲ့ ရုပ်တုလို အချိုးအစားပြေပြစ်တဲ့ ကောင်လေးတစ်ယောက်ကို ကြိုက်တယ်လို့ မင်းကိုယ့်ကိုငိုအောင် စခဲ့ဘူးတယ်။

တခါကလည်း မိုနာလီဆာရဲ့ မျက်နှာလိုချောမွေ့အောင် ပေါင်းတင်တာ မရလို့ဆိုပြီး ဘာမဆိုင်ညာမဆိုင် ကိုယ့်ပါးကို မင်းကုန်းကိုက်ခဲ့ဘူးတယ်။

တခါကလည်း ကလီယိုပက်ထရာရဲ့ အင်္ကျီအဆင်မျိုး လိုခြင်တယ်ဆိုလို့ မြို့ပတ်ပြီး နဖူးကချွေး ခြေမကျတဲ့အထိ ကိုယ်ရှာခဲ့ရဘူးတယ်။

အချစ်ရယ်............. ရုပ်ရှင်ရုံမှာ မင်းကြိုက်တဲ့ ဘရက်ဒ်ပစ်ရဲ့ဇာတ်ကား လက်မှတ်ကုန်သွားတာတို့၊ လမ်းမှာသွားနေရင်း ဒေါက်ဖိနပ်ပြတ်တာတို့်၊ တခါတလေ တက္ကစီနဲနဲကြာအောင်စောင့်ရတာတို့ လောက်ကိုသာ ဘ၀ရဲ့ဒုက္ခတွေလို့နားလည်ထားတဲ့ မင်းကိုချစ်ရတာ ၀တ်ရည်ခမ်းနေတဲ့ ပန်းပွင့်ကို အားပါးတရစုပ်ယူနေရတဲ့ ပျားတစ်ကောင်ရဲ့ရင်ဘတ်လိုပါပဲ။ တကယ့်ကို ဟာတာတာကြီး။

တခါက မန်ချက်စတာယူနိုက်တက်ပွဲ ကိုယ်ခဏကြည့်ပါရစေဆိုတော့ အချစ်က “ဘောလုံးတစ်လုံးကို လူတွေအများကြီး ၀ိုင်းလုနေကြတာ ဘာများစိတ်ဝင်စားစရာကောင်းလို့လဲ”တဲ့။

မင်းရဲ့ပုံတူကို ကိုယ်အပင်ပန်းခံပြီး ဆွဲပေးမယ်ပြောခဲ့တုန်းကလည်း အချစ်က “ကင်မရာတစ်လုံးပဲ ၀ယ်ပေးပါလား၊ အဲဒါဆို ပိုတူတဲ့ ဓာတ်ပုံတွေ အများကြီးရိုက်လို့ရတာပေါ့”တဲ့။

မာသာထရီဆာ ဆိုတာ သူ့ဘ၀ကို အနာကြီးရောဂါသယ် ဆင်းရဲသားတွေကို ပြုစုရင်းနဲ့ပဲ မြုပ်နှံခဲ့တာလို့ ကိုယ်ကပြောပြတော့ အချစ်က “`ရွံစရာကြီးကွယ်၊ ကိုယ့်ဖာသာကိုယ် နေပါတော့လား”တဲ့။

ဒါတွေနဲ့တောင် မင်းကိုရစ်ခြုံသိုင်းပတ်နေတဲ့ ကိုယ်ရဲ့ချစ်ရနံ့တွေက မပြယ်ခဲ့လေတော့ မင်းက အဆိပ်ပါတဲ့ ပန်းသီးတစ်လုံးဆိုရင်တောင် ကိုယ်ကတော့ ဟန်မပျက်ပဲ တက်မက်စွာ ဆက်လက်ဝါးမြိုနေဦးမှာပါ။
တကယ်တော့ အချစ်ဆိုတာ အခြားသူတွေအတွက် တရက်မှာတခါကြွေတဲ့ အပေါစားပန်းတစ်ပွင့် ဖြစ်ခြင်ဖြစ်နေနိုင်ပေမဲ့ ကိုယ့်အတွက်ကတော့ ပွင့်ဖတ်တွေကို ရိုးတံမှာ မူလီနဲ့စုပ်ထားတဲ့ တသက်မှာတစ်ခါ ပွင့်တဲ့ပန်းမျိုးပါ။

အဲဒီတော့ ကိုယ့်အချစ်တွေ မင်းရဲ့ခြေအစုံမှာလာခပြီး ကြွေနေတာကို နွမ်းနေပြီအထင်နဲ့ ဥပက္ခာမပြုလိုက်ပါနဲ့။
ခရေလို ဟိုး…အမြင့်က လွင့်ပျံပြီး မြေပေါ်မှာအဆင်သင့်ကျနေတာ မင်းအလွယ်တကူ ကောက်ယူပန်ဆင်နိုင်ဖို့ပါ။

သူဝတ္ထုကိုဆုံးအောင် မဖတ်ချင်တော့။ ဇာတ်နာနေသော ဇာတ်ကောင်၏ နာကျင်သောရေရွတ်သံကို သူဆက်မကြားချင်တော့။ ထိုကဲ့သို့ ဇာတ်နာနေသော ဇာတ်ကောင်တွေ အပြင်လောကတွင် မည်မျှလောက်ရှိကြသနည်း။ အဘယ်ကြောင့် ထိုကဲ့သို့ဖြစ်နေကြသနည်း။

တရားခံကား အခြားမဟုတ်။ ကမ္ဘာမြေ၏ လူသာအဆန်ဆုံး အနုပညာဟု ကျွန်ူပ်တို့ကအမည်ပေးထားသော "အချစ်" ဟူသည့် ကျိန်စာပင်ဖြစ်တော့သည်။

အချစ်ဆိုသည်ကားအဘယ်နည်း။

ကမ္ဘာမြေတွင်လူသားတို့ မေးခွန်းစထုတ်တတ်ချိန်ကစ၍ ယနေ့အထိ အစဉ်တစိုက်မေးလာခဲ့ကြသော ခေါက်ရိုးတွေအထပ်ထပ်ကျိုးနေသည့် မေးခွန်းအိုကြီးတစ်ခုဖြစ်သည်။

ရှင်းလင်းတိကျသောအဖြေကို ယနေ့အထိ မည်သူမျှမပေးနိုင်လောက်အောင် အလွန်ပင်ခက်ခဲနက်နဲလှ၍ လူတို့၏တွေးခေါ်နိုင်စွမ်းပြင်ပတွင်ရှိသော မေးခွန်းတစ်ခုဖြစ်နေသလို ဆိုက်ကားသမားကအစ ဒဿနိကဗေဒပါရဂူအဆုံး မည်သူမဆို အလွယ်တကူဖြေဆိုနိုင်သော ရိုးစင်းလွန်းလှသည့် မေးခွန်းတစ်ခုလည်းဖြစ်နေသည်။

အဘယ့်ကြောင့်ဆိုသော် အချစ်သည် ယေဘုယကျသည့် ဘုံအဖြေတစ်ခုအဖြစ် ( ဥပမာ။ အချစ်သည်ပူ၏) အဓ္ဓိပ္ပါယ်ဖွင့်ဆိုရန်ခက်ခဲသော အရာတစ်ခုဖြစ်နေသလို လူတိုင်းလူတိုင်းမိမိတို့ဖြတ်သန်းလာခဲ့ရသော ကြည်နူးကြေကွဲအတွေ့အကြုံများကိုမှီငြမ်း၍ အလွယ်တကူအဓိပ္ပါယ်ဖွင့်ဆိုနိုင်သော အတွေ့အကြုံမှီး အသိသဟာတစ်ခုလည်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော်၎င်းတို့အသီးသီး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ကာယကံရှင်တို့ ကိုယ်တိုင်အတွက်သာ သီးခြားမှန်နေနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သာဖြစ်၍ ၄င်းတို့အား ဘုံဖွင့်ဆိုချက်တစ်ခုအနေဖြင့် တရားသေ အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးစားမည်ဆိုပါက မိုက်မဲလွန်းရာသာကြနေပေလိမ့်မည်။

အချစ်သည် မျက်တောင်တစ်ချက်မျှပင် မခတ်ရက်လောက်အောင် ရင်သပ်အံ့သြစွာ ငေးမောကြည့်ရှုနေရသည့် ထူးဆန်းလှပသော မျက်လှည့်ပြကွက်တစ်ခုနှင့်လည်းတူသည်။ ၎င်းမျက်လှည့်ပြကွက်သည် ကျွန်ူပ်တို့အား သေသပ်ပိရိစွာလှည့်ဖြားထားသော စိတ်၏ထင်ယောင်မှောက်မှားမှုကြီး (Big Illusion) တစ်ခုသာလျှင်ဖြစ်ကြောင်း ခံစားသိရှိနေရသည့်တိုင် ထိုမျက်လှည့်ပြပွဲရုံကြီးအတွင်းမှ အဘယ့်ကြောင့်ကျွန်ူပ်တို့ ထ၍ထွက်မလာနိုင်ကြသနည်း။ အဖြေကရှင်းပါသည်။ အတုအယောင်ဖြစ်သော ထင်ယောင်မှောက်မှားမှုကြီးတစ်ခု ဖြစ်နေလျှက်နှင့်ပင် ၄င်းသည် ကျွန်ူပ်တို့ပတ်ဝန်းကျင်တွင်ရှိနေသော အခြားအစစ်အမှန်တရား (Ontology) တို့ထက် အဆပေါင်းများစွာသာလွန်၍ ကျွန်ူပ်တို့၏ စိတ်နုလုံးကို ပြော့ပြောင်းညွှတ်ကျအောင် ဆွဲငင်လွှမ်းမိုးထားနိုင်သောကြောင့်ပင်ဖြစ်သည်။

(မှတ်ချက်။ Interpersonal love နှင့် Impersonal love ဟူ၍ အချစ်၏ယေဘုယအသွင်သဏ္ဌန် နှစ်မျိုးရှိသည့်အနက် Interpersonal love ဟူသော လူအခြင်းခြင်းအတွင်း၌သာဖြစ်ပေါ်နိုင်သည့် အချစ်ကိုသာဆိုလိုသည်။ ၄င်း Interpersonal love တွင်လည်း (၅၂၈) အချစ်နှင့် (၁၅၀၀) အချစ်ဟူ၍ ချစ်ခြင်း၏ပုံစံနှစ်ခုထပ်မံကွဲပြားနေပြီး ၄င်းတွင်မှ (၁၅၀၀) အချစ်ဟုခေါ်သော သမီးရည်းစားအချစ်ကိုသာရည်ညွှန်းပြောဆိုပါသည်။)

အဘယ့်ကြောင့်လူတို့ ချစ်ကြသနည်း။

အရာရာကို ကျိုးကြောင်းဆက်စပ်မှုများဖြင့်သာ လိုက်လံတိုင်းတာနေတတ်သော သိပ္ပံပညာရှင်များက တက်စ်စတိုစထရုန်း (Testosterone) နှင့် အက်စ်ထရိုဂျင် (Estrogen) အစရှိသော ဟော်မုန်းများ ထကြွသောင်းကျန်းခြင်းကြောင့် ချစ်ခြင်းဖြစ်ပေါ်လာသည်ဟု အခိုင်အမာဖွင့်ဆိုရှင်းပြနေကြသော်လည်း ဒဿနိကဗေဒရှုထောင့်တစ်ခုမှ ကျွန်တော်ချည်းကပ်ကြည့်သောအခါ အောက်ပါအတိုင်းတွေ့ခဲ့ရသည်။

လူသည် မိမိကိုယ်ကိုဗဟိုပြု၍ မွေးဖွါးလာသော သတ္တ၀ါဖြစ်သည်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့မိသားစု၊ ငါ့ခန္ဓာကိုယ် အစရှိသည်ဖြင့် လူမှန်းသိတတ်စအရွယ်ကတည်းက မိမိကိုယ်ကို ဗဟိုပြု၍သာ တွေးခေါ်သည်။ မိမိနံဘေးတွင် တည်ရှိနေသော ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုလည်း မိမိအားဗဟိုပြု၍ ၀န်းရံဖြစ်တည်နေသော အရာဟုသာမြင်တတ်ကြသည်။

ဤသို့ဖြင့် တဖြည်းဖြည်းအရွယ်ရောက်လာသောအခါ မိမိကိုဝန်းရံထားသော ပတ်ဝန်းကျင်သည် မိမိထင်သလောက် မိမိအားအာရုံမစိုက်ဟု သံသယ၀င်လာသည်။ ထိုသံသယ တဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ လူသားသည် အားငယ်စိတ်ဝင်လာပြီး မိမိအား စဉ်ဆက်မပြတ် အာရုံစိုက်ပေးနိုင်မည့် သူတစ်ယောက်ကို အနှေးနှင့်အမြန်တောင်းဆိုလာသည်။

မိမိကိုယ်ကိုအလွန်ချစ်သော အတ္တကြီးထိန်းမနိုင်သိမ်းမရ ဖြစ်လာသောအခါ မိမိဖာသာပြန်ချစ်နေရခြင်းကို မလုံလောက်ဟုမြင်လာပြီး မိမိအပေါ်တွင် မိမိလောက်မဟုတ်တောင်မှ မိမိနည်းပါးချစ်နိုင်မည့် သူတစ်ယောက်ကို ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။

သို့သော်ထိုတောင်းဆိုမှုသည် မိမိ၏မသိစိတ်အတွင်းပိုင်းတနေရာ၏ လှုံ့ဆော်မှုသာဖြစ်၍ စိတ်၏အပေါ်ယံအလွှာသို့ ထိုအချက်အလက်များအသွင်ပြောင်းရောက်ရှိလာသောအခါ မိမိကအခြားသူတစ်ယောက်အား အာရုံစိုက်နေသည်ဟု ထင်မှတ်မှားသွားခဲ့ကြခြင်းဖြစ်သည်။

ဤကဲ့သို့ အားငယ်စိတ်လွန်ကဲနေသော လူသားနှစ်ဦးတို့ အထီးကျန်လမ်းမတစ်နေရာတွင် တွေ့ဆုံခဲ့ကြပြီး မိမိတို့ကိုယ်စီကိုယ်ငှ သယ်ဆောင်လာခဲ့ကြသော အတ္တပုံဆောင်ခဲ အသီးသီးကို အတူတကွဆက်လက်သယ်ဆောင်ရန် သဘောတူညီချက်ရယူလိုက်ကြသောဖြစ်စဉ်ကို " ချစ်ခြင်း" ဟုခေါ်သည်။

ထိုကဲ့သို့ မိမိတို့၏ ကိုယ်စီကိုယ်ငှဘ၀တို့အား အကောင်းဆုံးသက်သေခံပေးနိုင်မည့်သူဟု အပြန်အလှန်မသတ်မှတ်ကြမှီ မမျှော်လင့်ထားသော နေရာနှင့် အချိန် တစ်ခုတို့၌ မထင်မှတ်ထားသော သူနှစ်ဦး တွေ့ဆုံခဲ့ကြခြင်းကိုတော့ " ဖူးစာဆုံခြင်း" ဟုခေါ်သည်။

"ချစ်ခြင်း" ကိုအကျိုးလိုလို့ညောင်ရေလောင်းခြင်းဟု သတ်မှတ်ရန် မသင့်တော်လှသော်လည်း မိမိကအခြားသူတစ်ယောက်အား ချစ်ရန်လိုအပ်သည်ထက် အခြားသူတစ်ယောက်က မိမိအားချစ်ရန်ပို၍ လိုအပ်သည်ဟုပြောလျှင်တော့ မှားမည်ဟုမထင်မိပေ။

ထိုသို့မဟုတ်ပဲ မိမိတစ်ဦးထဲဖက်ကသာ ထိုသူကို ချစ်နေရန်လိုအပ်သည် ဆိုပါက "သ၀န်တိုခြင်း" ဆိုသောစကား ဤကမ္ဘာမြေ၏ အဘိဓါန်၌ ပါဝင်လာစရာအကြောင်းမရှိပေ။

အဘယ့်ကြောင့်ဆိုသော် သ၀န်တိုခြင်း သည် ချစ်သူကို မိမိမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ပေါ်တွင်မှ အာရုံမစိုက်စေလိုသော အချစ်ခံလိုအတ္တတစ်ခုကြောင့်သာ ထွက်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ချစ်၍သ၀န်တိုခြင်းဖြစ်ပေါ်လာနိုင်သည်ထက် အချစ်ခံလို၍သာ သ၀န်တိုခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။

မိတ်ဆွေ....သင့်မျက်စိကိုစုံမှိတ်၍ သင့်ကိုယ်သင် မေးခွန်းတစ်ခုပြန်မေးကြည့်လိုက်ပါ။

"ငါသ၀န်တိုတတ်လားလို့....


အချစ်သည်ဘ၀တွင် မည်မျှလောက်အရေးပါသနည်း။

" ဟိုလောက်...အင်း...မဟုတ်ဘူး...ဒီလောက်...နိုးနိုး...နဲနဲပေါ့...အာ...မသိဘူး "

ဘ၀ကြီးတစ်ခုလုံး လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည် အထိတော့ မဟုတ်တာသေချာသည် (ချစ်သူကြားလျှင် ကျွန်တော် ဗိုက်ခေါက်ဆွဲလိမ်ခံရမှာလည်း သေချာသည်) ။

အကယ်၍ ရိုမီယိုနှင့် ဂျူးလီးယက်ဦးဆောင်သော စကြာဝဋ္ဌာလုံးဆိုင်ရာ ချစ်သူများအဖွဲ့ချုပ်ကြီးကသာ ကျွန်တော့်ကိုဝိုင်းမရိုက်ကြဘူးဆိုလျှင်တော့ အချစ်သည် တခါတရံ ဆံပင်ညှပ်ရသလောက်၊ တခါတရံ ဘတ်စ်ကားတိုးစီးရသလောက်၊ ဒါမှ မဟုတ်လည်း တခါတရံ ၀မ်းနုတ်ဆေးစားရသလောက်တော့ အရေးပါသည်ဟုဖြေချင်ပါသည်။

သို့သော် အချစ်သည် ဘ၀တွင်မရှိမဖြစ်လားဆိုတော့ မဟုတ်။ ဆံပင်မညှပ်ချင်လျှင် တသက်လုံး ဆံပင်အရှည်ထား၍ ရသလို ဘတ်စ်ကားတိုးမစီးချင်ပါကလည်း ဆိုက်ကားစီး (ဒါမှမဟုတ်) ခြေလျှင်လျှောက်၍ ရပါသည်။ ၀မ်းနုတ်ဆေး မစားချင်ပါက ရေများများသောက်၍ ရသလို မချစ်ချင်ပါကလည်း နှလုံးသားကို တသက်လုံးအမှောင်ထဲ၌ သော့ခတ်သိမ်းဆည်းထား၍ရသည်။

အချစ်ဆိုတာကြီး ရှိမနေလည်း ဘ၀ကတော့ ကမ္ဘာမြေနှင့်အပြိုင် (၂၃ ၁/၂) ဒီဂရီ တိမ်းစောင်း၍ ပုံမှန် လည်ပတ်မြဲလည်ပတ်နေမည်သာဖြစ်သည်။

ဘ၀သည် ဘ၀ဖြစ်သည်။ ဆံပင်ညှပ်ချင်းသည် ဆံပင်ညှပ်ချင်းဖြစ်သည်။ အချစ်သည် အချစ်ဖြစ်သည်။ ရိုမီယိုသည် ရိုမီယိုဖြစ်သည်။ ၄င်းအရာအားလုံးသည် ဘ၀ဆိုသော အဆောက်အဦးကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ပရိဘောဂပစ္စည်းများနှင့်သာတူ၏။ ထွေပြားရှုပ်ထွေးလှသော ပစ္စည်းများအတွင်းမှ အချစ် (သို့မဟုတ်) အခြားအရာတစ်ခုခုမရှိတော့ရုံမျှဖြင့် အိမ်ကြီး၏အသွင်အပြင်ကတော့ များစွာပြောင်းလည်းသွားမည်မဟုတ်။

ရိုမီယိုဆိုသည့် ဘ၀တစ်ခုသည် ဂျူးလီးယက်နှင့် မတွေ့ခင် နှစ်ပေါင်းများစွာကတည်းက သူ့အလိုလိုရှိနှင့်ပြီးသားဖြစ်သည်။ ဂျူးလီးယက်နှင့် မတွေ့ခဲ့လျှင်လည်း ရိုမီယိုဆိုသည့် ဘ၀တစ်ခုကတော့ အခြားအသွင်သဏ္ဌန်တစ်မျိုးမျိုးဖြင့် သူ့ဖာသာသူဆက်ရှိနေဦးမည်ဖြစ်သည်။ ရှင်ချင်ရှင်မည်။ သေချင်သေမည်။ ဒါမှမဟုတ်လည်း အခြားမိန်းမတစ်ယောက်နှင့် တွေ့ချင်လည်းတွေ့မည်။ ရှိပြီးသားဘ၀တစ်ခုကတော့ များစွာပြောင်းလည်းသွားလိမ့်မည်မဟုတ်။

အချစ်မရှိတော့ဘူးထင်၍ သူ့ဖာသာအဆိပ်သောက်သေသွားသော ကိစ္စကို အသေအခြာ ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အချစ်သည် ဘ၀နှင့်ထပ်တူထပ်မျှ ဖြစ်သည်ဟု သက်သေပြသွားနိုင်ခဲ့သော အချစ်သူရဲကောင်းတစ်ယောက်အဖြစ်ထက် အမှီအခိုမဲ့သွား၍ မိမိဖာသာမရပ်တည်နိုင်တော့သော ပြော့ညံ့ညံ့ယောက်ျားတစ်ယောက်အဖြစ်ကိုသာ ပို၍ရှင်းလင်းစွာ တွေ့ကြရမည်ဖြစ်သည်။

သို့သော် အသင်တို့က အချစ်သည်ဘ၀နှင့်ထပ်တူထပ်မျှဖြစ်သည်ဟု အခိုင်အမာယူဆထားပြီးဖြစ်၍ အချစ်ရှိမနေပါက ဘ၀သည်လည်း ရှိနေရန်မသင့်တော်ဟု ငြင်းဆန်မည်ဆိုပါကလည်း ကျွန်ူပ်အနေဖြင့် မည်သို့မျှ မကန့်ကွက်လို။ သို့သော် ကျွန်တော်လက်ဆော့ထားသော ကဗျာတစ်ပုဒ်ကိုတော့ ရွတ်ပြချင်သည်။

အချစ်ရေ...........
မင်းစွန့်ပြစ်သွားတဲ့ အချိန်ကစပြီး
ငါ့ကမ္ဘာကြီးပြိုကျပျက်စီးခဲ့ရတာ
ငါ့ကိုယ်ငါတောင် အစပြန်ရှာမရတဲ့အထိပေါ့။

အဲဒီတော့ငါလည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့
ငါ့ဘ၀ကို ယူကြုံးမရဖြစ်ပြီး
နှမြောတသလွမ်းဆွတ်စွာနဲ့
ငိုကြွေးနေခဲ့မိတော့တာပေါ့။

ဘယ်လောက်တောင်လည်းဆိုရင်
ငါ့မျက်ရည်တွေက မြစ်တွေတောင်ဖြစ်လာပြီး
အဲဒီ မျက်ရည်စီးကြောင်းတွေထဲ
ငါကိုယ်တိုင်တောင် မြုပ်လုမြုပ်ခင် အထိပေါ့။

အဲဒီမှာ ငါလည်း...
ငိုရတာအားမရသေးတာနဲ့
အဲဒီမျက်ရည်မြစ်တွေပေါ်
တံတားတွေထိုးပြီး ဆက်ငိုတယ်

အဲဒီလိုဆက်ငိုနေရင်းနဲ့
ရေပြင်မှာလှုပ်ရှားနေတဲ့ အရိပ်တစ်ခု
တစ်ချိန်မှာ မထင်မှတ်ပဲ
ငါသွားတွေ့လိုက်မိတယ်

အဲဒီတော့ ငါလည်း သိချင်စိတ်နဲ့
ဘယ်သူများလည်းဆိုပြီး
ငိုနေရင်းနဲ့ပဲ
ငုံ့ကြည့်လိုက်တာပေါ့။

အဲဒီမှာ ငါသွားတွေ့လိုက်ရတာက
အခြားမဟုတ်ဘူး
ငါကထာဝရပျောက်ဆုံးနေခဲ့ပြီလို့
ငါ့ဖာသာအထင်ရောက်နေခဲ့တဲ့
ငါ့ဘ၀ကိုယ်တိုင်ဖြစ်နေတယ်။

အဲဒီမှာ ငါငိုနေတာကို ချက်ခြင်းရပ်ပြီး
အကျယ်ကြီးတစ်ချက် အော်ရီပြစ်လိုက်တယ်။

ဘာလို့လည်းဆိုတော့
ပျောက်ဆုံးနေခဲ့တာက
ငါကိုယ်တိုင်မဟုတ်ပဲ
ဘယ်တုန်းကမှ ငါဖြစ်မလာခဲ့ဘူးတဲ့
မင်းမျှသာ...ဖြစ်နေလို့ပေါ့...ချစ်သူ။


Valentine's Day

တတိယရာစုနှစ်မှာ ရောမအင်ပါယာကို စိုးစံတဲ့ ကလောဒီးယပ်ဆိုတဲ့ ခပ်ကြောင်ကြောင် ဘုရင်တစ်ကောင်ရှိခဲ့ဘူးတယ်။ ဘယ်လောက်တောင် ကြောင်သလည်းဆိုရင် သူ့စစ်တပ်မှာ စစ်မှုထမ်းနေကြတဲ့ စစ်သားတွေ နောက်ဆံတင်းမှာစိုးလို့ဆိုပြီး စစ်မှုထမ်းတွေဘယ်သူမှ လက်မထပ်ရလို့ အမိန့် ထုတ်ခဲ့တဲ့အထိတောင်ကြောင်တယ်။

ဒါပေမယ့်အဲဒီ ခပ်ကြောင်ကြောင်အမိန့်ကို Valentine ဆိုတဲ့ဘုန်းကြီးတစ်ပါးကဖီဆန်ပြီး ချစ်သူစုံတွဲတွေကို တိတ်တိတ်ပုန်းလက်ထပ်ပေးခဲ့တယ်။ ဒါပေမယ့်ဗျာ...ကလောဒီးယပ်ဆိုတဲ့ကောင်က ကြောင်သာကြောင်နေတာ၊ သူများထက်လည်လို့ ဘုရင်တောင်လုပ်စားနေတဲ့ကောင်ဆိုတော့ သိပ်မကြာလိုက်ပါဘူး။ အဲဒီသတင်းက သူ့နားတွေထဲကို ချက်ချင်းခုန်ပေါက်ဝင်လာတော့တာပဲ။ အဲဒီမှာ ကလောဒီးယပ်လည်း Valentine ကိုချက်ချင်းဖမ်းပြီး နိုင်ငံရဲ့စစ်အင်အားကို ဖြုန်းတီးပြစ်နေတဲ့ ရာဇ၀တ်သားတစ်ယောက်အဖြစ် ခေါင်းဖြတ်သတ်ပြစ်ခဲ့တယ်။

အဲဒီနေ့က ဖေဖော်ဝါရီ (၁၄)ရက်နေ့ ပေါ့။ နောင်လာနောက်သားတွေကလည်း သတ်မှတ်စရာရှားလို့ဗျာ။ အဲဒီနေ့ကိုမှ ချစ်သူများနေ့တဲ့။ သူများခေါင်းဖြတ်ခံရတဲ့ နေ့ကြီးမှာ အပျော်တွေကျူးဖို့ အဲဒီလို သတ်မှတ်လိုက်ကြတာတော့ ဘယ်ကောင်းပါ့မလည်းနော်။ ဒါပေမယ့် ထားလိုက်တော့။ ရာစုနှစ် (၁ဂ)ခုစာလောက် အသားကျအောင် ကဲလာခဲ့ကြပြီး အခုမှမှ ပြင်လို့လည်း မလွယ်တော့ပါဘူး။ ပြီးတော့ အဲဒါက ပြောပလောက်အောင် လည်းသိပ်အရေးမကြီးလှပါဘူး။

အရေးကြီးတာက ဒီကမ္ဘာပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာနေကြတဲ့သူတွေရဲ့ အရေအတွက်ထက် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစက်ဆုပ်နေကြသူတွေရဲ့ အရေအတွက်က ပိုပြီးများပြားနေတယ်ဆိုတဲ့အကြောင်းပါ။ ဒါပေမယ့် အဲဒီအများစုဖြစ်တဲ့ မုန်းသူတွေအတွက် ဘာအထိမ်းအမှတ်နေ့မှ မရှိခဲ့ဘူး။ ဆိုလိုတာက လူနည်းစုတွေဖြစ်တဲ့ ချစ်သူတွေအတွက်တောင် ချစ်သူများနေ့ (Valentine's Day) ဆိုတဲ့ အထိမ်းအမှတ်နေ့တစ်ခု ရှိနေနိုင်သေးရင် လူများစုတွေဖြစ်တဲ့ မုန်းသူတွေအတွက်လည်း မုန်းသူများနေ့ (Vile day) ဆိုတာရှိနေသင့်တယ်လို့ပါ။

ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်ကိုသွားဖြတ်ဖို့ စူဠသုဘဒ္ဒါက သောနုတ္တရမုဆိုးကို အမိန့်ပေးလိုက်တဲ့နေ့ကိုသာ မုန်းသူများနေ့ ( Vile day ဒါမှမဟုတ် Sulathubada's day ) လို့ ကျွန်တော်ကသတ်မှတ်လိုက်မယ်ဆိုရင် ခင်ဗျားတို့သဘောတူပေးနိုင်ကြမလား။ ဘာပဲဖြစ်ဖြစ် Saint Valentine သေတဲ့နေ့ကြီးကို အလိုက်ကန်းဆိုးမသိ ရွေးချယ်ထားခဲ့တဲ့ ချစ်သူများနေ့ထက်တော့ ပိုပြီးအံဝင်ခွင်ကြ ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော်က ထင်တာပဲ။ ဒါမှမဟုတ်လဲ ခင်ဗျားတို့ရည်းစားဟောင်းတွေက ခင်ဗျားတို့ကို စိတ်ကုန်ပြီး ဖြတ်စာပေးတဲ့နေ့ကိုမှ မုန်းသူများနေ့အဖြစ် သတ်မှတ်ချင်ပါတယ်ဆိုရင်လည်း သတ်မှတ်ဗျာ။ အဓိကက မုန်းသူများနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်ကြီးတခု ကမ္ဘာ့ပြက္ခဒိန်တွေပေါ် ရောက်လာဖို့ပါပဲ။

ဘာလို့လည်းဆိုတော့ ချစ်သူများနေ့မှာ ချစ်သူတွေအချင်းချင်း ပို့စကတ်၊ ပန်း နဲ့ ချစ်စရာအရုပ်လှလှလေးတွေ အပြန်အလှန်ပေးပို့ကြသလို မုန်းသူတွေအချင်းချင်းကလည်း မုန်းသူများနေ့မှာ အချိန်ကိုက်ဗုံး၊ ကျိန်စာ၊ ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ်လည်း ခါချဉ်အုံလောက်ဖြစ်ဖြစ်တော့ အပြန်အလှန်ပို့ချင်နေကြမှာပဲဆိုတာ ကျွန်တော်က ကိုယ်ချင်းစာနေမိလို့ပါ။

(မှတ်ချက်။ အထက်ပါစွပ်စွဲပြောဆို ရေးသားချက်များသည် လူမှန်းသိတတ်စအရွယ်ကတည်းက အချစ်အား တစ်ဘက်သတ် မျက်မုန်းကျိုးနေခဲ့သော ကျွန်ူပ် နှလုံးသားဘယ်ဘက်ခြမ်း၏ အရေမရ အဖတ်မရ အချစ်ဒဿနများသာလျှင်ဖြစ်သောကြောင့် ၄င်းမှထွက်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာအရပ်ရပ်တို့အား ကျွန်ူပ်၏ ချစ်တတ်သော နှလုံးသား ညာဘက်ခြမ်းမှ လုံးဝတာဝန်မယူ။)

<မင်းတစေ>

Wednesday, December 19, 2007

နီကိုတင်းတစ္ဆေတစ်ကောင်၏ မီးခိုးရောင်ပန်းပွင့်နေ့စွဲများအကြောင်း



ဆီမရှိသော သံချေးတက် ၀င်ရိုးစွန်းပေါ်တွင် အားယူကာ လည်ပတ်နေရသော ကမ္ဘာမြေ၏ တကြွီကြွီမြည်သံမှလွဲ၍ နံနက်ခင်းက တိတ်ဆိတ်စွာ ဆွံ့အလို့နေသည်။ အိပ်ဖို့နိုးခဲ့လေသလား၊ နိုးဖို့အိပ်ခဲ့လေသလား ဆိုတာ သိပ်မသေချာပေမယ့် အခြားအခြားသော မနက်ခင်းပေါင်းများစွာလို ခြားနားမှုမရှိသော မနက်ခင်းတစ်ခုတွင်လည်း သူကတော့နိုးထ၍ လာခဲ့ရပြန်လေပြီ။

သွားတိုက်၊ မျက်နှာသစ်၊ ကော်ဖီသောက်၊ သတင်းစာဖတ် အစရှိသည့် သမားရိုးကျ နံနက်ခင်းဖြစ်စဉ်တွေ မဖြတ်သန်းမှီ ခံတွင်းကချဉ်သလိုလိုဖြစ်လာသည်နှင့် အိပ်ယာခင်းပေါ်တွင် ဆက်လက်အိပ်မောကျနေသော သူ့လက်စွဲတော် Marlboro စီးကရက်ဘူးနီနီကို သူ အတင်းလှုပ်နှိုးလိုက်ပြီး ၎င်း၏ အတွင်းထောင့်တနေရာ၌် တွယ်ကပ်နေသော နောက်ဆုံးလက်ကျန် စီးကရက်ကို မီးခြစ်ဖြင့် "ထောက်" ကနဲ ကောက်ညှိကာ အားပါးတစ်ရရှိုက်ဖွာပြစ်လိုက်သည်။

ပထမတစ်ရှိုက်၊ ဒုတိယတစ်ရှိုက်၊ ထို့နောက် တတိယတစ်ရှိုက်...............................
နေရောင်ခြည်အစအနတွေ စွန်းထင်းပေကျံနေသော နံနက်ခင်းက မီးခိုးရောင်အခိုးအငွေ့တွေနှင့် ရောယှက်ကာ ပိုမိုပြီးပြည့်စုံသွားသလို သူခံစားလိုက်ရသည်။ သို့သော် ဒီတစ်လိပ် ကုန်သွားခဲ့ပြီးလျှင်တော့ သောက်စရာဆေးလိပ်တွေ သူ့မှာ မကျန်တော့။ ရှိုက်လက်စ စီးကရက်ကို ပါးစပ်ကမချပဲ အပေါ်အကျီကို သူ ကောက်စွပ်လိုက်သည်။ ထို့နောက် မီးခိုးရောင်အခိုးအငွေ့များ တနေ့လုံးလိုလို သူ့ထံပါး ရစ်ပတ်လွမ်းခြုံနေစေဖို့ စီးကရက်များဝယ်ယူရန် ဆေးလိပ်ဆိုင် ရှိရာဘက်ဆီသို့ သူ ခြေဦးလှည့်လိုက်သည်။

" ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည် " ဆိုတဲ့ ဆိုင်းပုဒ်ကြီးရှေ့ကိုရောက်လာတော့ သူဒုန်းစိုင်းလာခဲ့တဲ့ Marlboro မြင်းရိုင်းကြီး သူ့ကိုယ်ပိုင်ဖင်ဆီခံတွေကိုတောင် ပြန်လည်ကျွမ်းလောင်ပြစ်ဖို့ " တဖြစ်ဖြစ် " နဲ့ ခွါသံတွေပေးနေခဲ့ပြီပေါ့။ အဲဒါနဲ့ သူလည်း မြင်းရိုင်းကြီးကို နောက်ဆုံးအကြိမ် ဇက်ဖွင့်ချလိုက်ပြီး ကဆုန်ပေါက်ထွက်လာတဲ့ အန္ဓိမ မီးခိုးငွေ့တွေကို နည်းစနစ်မမှန်တဲ့ ယောဂီတစ်ယောက် အသက်ရှုသွင်းပုံမျိုးနဲ့ အားပါးတရ ရှိုက်ယူပြစ်လိုက်တယ်။ ပြီးတော့ အဲဒီမီးခိုးရောင် တိမ်လိပ်တိမ်ငွေ့တွေ ကောင်းကင်ပေါ် ချက်ချင်းပြန်လွင့်မတက်သွားအောင် ပုလဲမုဆိုးတွေ ရေအောက်မှာ ပုလဲငုပ်နေသလို အသက်ကိုတတ်နိုင်သလောက်မရှုပဲ အကြာကြီးအောင့်ထားပြစ်လိုက်တယ်။

ဒီကောင်တွေ သူ့ရင်ဘတ်ထဲမှာ လုံလုံခြုံခြုံနဲ့ နေသားတကျဖြစ်သွားပြီဆိုတော့မှ လည်ပြွန်တွေတစ်လျှောက်မှာ ပိတ်ထားတဲ့ မောင်းခလုပ်တွေကို ဖြေးဖြေးချင်း ပြန်ဖြေလျှော့ချလိုက်ပြီး သူ့နှာခေါင်းဝမှာ ပြူတစ်ပြူတစ်လုပ်နေတဲ့ အောက်ဆီဂျင်တွေကို အာနာပါဝ၊ ၀ိနာပါဝ အခန်းလွတ်တွေထဲကို နဲနဲစီပြန်ဝင်ခွင့်ပေးလိုက်တယ်။ ပြီးတော့မှ ဆက်လက်ဒုန်းဆိုင်းဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အဲဒီ Marlboro မြင်းခေါင်းတိုကြီးကို လက်ညိုနဲ့လက်မကြား အသာညှပ်လိုက်ပြီး ဆေးလိပ်ဆန့်ကျင်ရေးပိုစတာကြီးအောက်နားမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ပုကွကွခြုံပုတ်ကြီးထဲကို အသာလေးတောက်ပြီး လွှင့်ပြစ်လိုက်တော့တယ်။

ပိုစတာကြီးရေ....ကျေးဇူးပြုပြီး သူ့ကို မဆူပါနဲ့။ သူက ဆေးလိပ်ကို မီးသတ်ပြီးမှ လွှင့်ပြစ်လိုက်တာပါ။ နေပါဦး။ နေပူမိုးရွာမရှောင် ဒီနေရာမှာ တောင့်တောင့်ကြီးရပ်ပြီး ဆေးလိပ်ဆန့်ကျင်ရေး တရားတွေဟောနေတာ ခင်ဗျားကြီးမပင်ပန်းဘူးလား။ လူတိုင်းသိပြီးသားဟာကြီးကို ထပ်ခါတလည်းလည်း အော်အော်ပြနေတာကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲဗျို့။ ဆေးလိပ်ရဲ့ငယ်ကျိုးငယ်နာတွေအထိတောင် နှံ့နှံ့စပ်စပ် သိပြီးနေတဲ့ သူ့အဖို့ကတော့ ဘုန်းကြီးတစ္ဆေတွေ ဘုရားစာရွတ်သံကို မကြောက်သလို ခင်ဗျားရဲ့လှန့်လုံးတွေကို နည်းနည်းလေးတောင် ရင်မခုန်မိတာကတော့ ၀မ်းနည်းစရာပါပဲ။

သူ့ရင်ဘတ်ထဲမှာ ပြည်တွင်းစစ်ဖြစ်နေကြတဲ့ သွေးနီဖြူဥကလပ်စည်းတွေနဲ့ နီကိုတင်းသူပုန်တွေရဲ့ အော်ဟစ်ဆူညံသံတွေကိုတောင် သူက လစ်လျှူရှုထားနိုင်နေတာကိုပဲကြည့်လေ။ အပျက်အစီး အသေအပျောက်တွေ တစ်နေ့တစ်ခြား များများလာနေတာကို သိနေရက်နဲ့တောင် ကိုယ်ထိလက်ရောက် ၀င်တားမြစ်လိုက်ဖို့ သူကစိတ်တောင်မကူးမိခဲ့ပါဘူး။ ဒါပေမယ့် တခါတလေ ချွဲကျပ်သံလိုလို၊ ချောင်းခြောက်ဆိုးသံလိုလို လက်နက်ကြီးကျသံတွေ ကြားမိတဲ့ အခါမျိုးတွေဆိုရင်တော့ သူ ဆေးလိပ်သောက်တာကို ခဏရပ်ထားမိတတ်တယ်။ ဒါကလည်း ကြောက်လို့မဟုတ်ပဲ နားငြီးတဲ့ဒါဏ်ကို မခံနိုင်လွန်းလို့ပါပဲ။ အဲဒီကာလကတော့ သူ့ရင်ထဲမှာ ဗုံးသံ၊ အမြောက်သံတွေ ခေတ္တခဏ တိတ်ဆိတ်နေတတ်တဲ့ စစ်အေးကာလလို ငြိမ်းချမ်းရေး ကာလကြီးပေါ့။ ဒါပေမဲ့ အဲဒီအခိုက်အတန့်ကလည်း သိပ်အကြာကြီးမဟုတ်ပဲ သွေးဆာနေတဲ့ စစ်ဘုရင်တစ်ပါး စစ်ပွဲတွေနဲ့ဝေးသွားတဲ့အခါ နေမထိမထိုင်သာ ဖြစ်လာသလိုမျိုး သူ့တစ်ကိုယ်လုံး ကတုန်ကရီ ပြန်ဖြစ်လာခဲ့ရင်တော့ စစ်ပွဲတွေကိုပြန်လည်ဖန်တီးပေးဖို့ သူဆေးလိပ်တွေ ပြန်သောက်ရတော့ပြန်တာပေါ့။ အဲဒီလိုခဏရပ်လိုက်၊ ပြန်သောက်လိုက်နဲ့ ဆေးလိပ်တွေကို သူတမ်းတမ်းစွဲနေမိခဲ့တာ ဒီနေ့အထိပဲဆိုပါတော့။

ဒါပေမယ့် သူ ဆေးလိပ်ကို အဲဒီလို တမ်းတမ်းစွဲနေရတာက မကောင်းဆိုးရွား နီကိုတင်းကောင်တွေရဲ့ ကျိန်စာလိုပြုစားမှုတွေကြောင့်တော့ မဟုတ်ပါဘူး။ အဲဒီမဟာစွဲလမ်းမှုကြီးက သူငယ်စဉ်ကတည်းက မြတ်နိုးတွယ်တာယုယခဲ့ရတဲ့ ပန်းပွင့်ကလေးတွေနဲ့ပဲ ဆက်စပ်ပတ်သက်နေခဲ့တယ်ဆိုရင် ခင်ဗျားတို့ယုံကြမှာလား။ ဆေးလိပ်ဖြတ်လို့မရတာ ပန်းပွင့်လေးတွေကြောင့်...ဟုတ်လား။ ဘာမှလည်းမဆိုင်သလိုပဲနော်။ ဟုတ်ကဲ့....သူစကားလှရင်ပြီးရောဆိုပြီး ကဗျာတွေဆန်ပြနေတာမဟုတ်တာတော့ ကျိန်းသေပါတယ်။ သူ့အကြောင်းပြချက်က ဝေလငါးတွေ ဒေါက်ဖိနပ်စီးတဲ့ကိစ္စလို တော်တော်လေးကို ကမောက်ကမနိုင်လွန်းနေပေမယ့် သူအသေအချာ ရှင်းပြပြီးခဲ့ရင်တော့ ခင်ဗျားတို့ ပါးစပ်တွေက " သြ..သို့ဂလိုကြောင့်ကိုး" ဆိုတဲ့ အာမေဋိတ်သံတစ်ခုကလွဲလို့ ဘာစကားလုံးတွေမှ ထွက်လာတော့မှာ မဟုတ်ပါဘူး။

တကယ်ဆို ပန်းပွင့်ဆိုတာက မိန်းမတွေကိုသာ တစ်ဖက်သတ် တွယ်ကပ်နေတတ်တဲ့ မျက်နှာလိုက်သင်္ကေတတစ်ခုပါပဲ။ လိုက်မှာပေါ့။ ယောင်္ကျားဆိုတဲ့ကောင်တွေကလည်း တခါတလေ မိန်းမတွေကိုဖူးမျှော်ဖို့ ပန်းတွေကို ပေါင်းကူးတံတားတွေအဖြစ် အသုံးချတာကလွဲလို့ အခြားအချိန်တွေဆို တော်တန်ရုံအဖက်မှ မလုပ်တတ်ကြတာ။ ဒါပေမယ့် အဲဒီလို ပန်းတွေကို သံယောဇဉ်မထားတတ်တဲ့ ယောင်္ကျားတွေ ပန်းတွေကို အရူးအမူးချစ်တတ်ပြီဆိုရင်တော့ ပန်းချစ်သူသခင်မတွေတောင် လိုက်လို့မမှီအောင် ဖြစ်သွားတတ်တယ် ဆိုတာကိုတော့ သူက အသေအချာကို သိနေခဲ့တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို ပန်းတွေကို ချစ်တတ်တဲ့ ရှားရှားပါးပါး ယောင်္ကျားလေးတွေထဲက တစ်ယောက်က သူကိုယ်တိုင်ဖြစ်နေခဲ့လို့ပါပဲ။

ရုက္ခဗေဒပညာရှင်မိခင်နဲ့ လိပ်ပြာဗေဒပညာရှင် ဖခင်တို့ကပေါက်ဖွားလာခဲ့တဲ့ သူ့ကို မျိုးရိုးဗီဇကြောင့် ပန်းတွေကို အရူးအမူးဖြစ်နေတာလို့ ပြောမယ်ဆိုရင်လည်း မမှားသလို မွေးကတည်းက ပန်းငွေ့တွေလှုံရင်း ကြီးပြင်ခဲ့ရတဲ့ သူ တစ်ယောက်လို့ ပြောမယ်ဆိုရင်လည်း မှန်နေပါသေးတယ်။

့ သူငယ်ငယ်က ငိုပြီဆိုရင် ဘယ်လိုချော့ချော့ အငိုမတိတ်တတ်ပဲ ပန်းပွင့်တစ်ပွင့်ကို လက်ထဲလာထည့်ပြီဆိုတော့မှ အငိုတိတ်တတ်ခဲ့တယ်။ ပြေးလွှားခုန်ပေါက်တဲ့ အရွယ်ရောက်လာပြန်တော့လည်း တခြားကလေးတွေနဲ့ဆော့ရတာထက် ပန်းခြံတွေထဲက ပန်းပွင့်လေးတွေနဲ့ ဆော့ကစားရတာကို သူ ပိုနှစ်သက်တတ်ခဲ့တယ်။ သူ(၁၀)နှစ်ပြည့်မွေးနေ့မှာ မေမေက မွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့တဲ့ ပလတ်စတစ်ပန်းခြံလေး ကတော့ သူအခုထိ အမြတ်တနိုးသိမ်းဆည်းထားခဲ့တဲ့ သူ့ရဲ့တစ်ခုတည်းသော ကလေးဘ၀က ကြွင်းကျန်ပစ္စည်းတစ်ခုပေါ့။ သူစုဆောင်းထားခဲ့တဲ့ ပန်းနဲ့ပတ်သက်တဲ့ စာအုပ်အမျိုးပေါင်း (၁၀၀) ကျော်ကလည်း သူ အထက်တန်းကျောင်းသားဘ၀ မရောက်ခင်ကတည်းက သူ့စာကြည့်ခန်းထဲမှာ ရှိနေခဲ့တာပါ။

ဒီလိုနဲ့ ရည်းစားတွေ ဘာတွေထားတတ်တဲ့အရွယ် ရောက်လာခဲ့ပြန်တော့လည်း ပန်းနာမည်ပါတဲ့ ကောင်မလေးတွေကိုပဲ သူကရွေးထားတတ်ခဲ့တယ်။ သူ့ပထမဆုံး ပန်းပွင့်လေးရဲ့ နာမည်ကတော့ ဂမုန်းနဒီတဲ့။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ နာမည်တစ်ခုသာ ပန်းပွင့်ဆန်ပြီး ကျန်တဲ့အပိုင်းတွေမှာ သူမက နူးညံ့မနေခဲ့တော့ သူတို့လမ်းခွဲခဲ့ရတာပေါ့။ အဓိက ချို့ယွင်းချက်ကတော့ သူမက ပန်းပွင့်လေးတွေကို မချစ်တတ်ဘူးလေ။

အဲဒီလိုနဲ့ ပန်းနှင်းတော်ဝင်ဆိုတဲ့ နောက်ထပ်ကောင်မလေးတစ်ယောက် သူ့ဘ၀ထဲကို ထပ်မံရောက်ရှိလို့ လာခဲ့ပြန်တာပေါ့။ သူမက ပန်းတွေကိုတော့ အရမ်းချစ်တတ်ခဲ့ပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်က လွင့်ကြွေပြီးသား အကြွေပန်းတစ်ပွင့် ဖြစ်နေခဲ့တယ်ဆိုတာကိုတော့ ရည်းစားသက်တမ်း အတော်လေးကြာမှ သူက သိရှိခဲ့ရတယ်လေ။ တကယ်ဆို သူမက ဘယ်လိုပန်းမျိုးလည်းဆိုတာ အစကတည်းက သူ့ကိုဖွင့်ပြောပြထားခဲ့သင့်တာပေါ့။ သူ အဲဒီလောက် သဘောထားမသေးသိမ်ပါဘူး။ သူ့ ကိုသာ ရိုးရိုးသားသားနဲ့ ဖွင့်ပြောပြခဲ့မယ်ဆိုရင် သူမ ပြည့်တန်ဆာတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သူ့ဘက်က ခွင့်လွှတ်ဖို့က အဆင်သင့်ပါပဲ။ ဒါပေမယ့် သူမက လိပ်ပြာရဲ့ ကိုယ်သင်းနံ့တောင် မရခဲ့ဘူးတဲ့ ပန်းပျိုမတစ်ပွင့် ဟန်ဆောင်ပြီး သူ့အချစ်ကိုညာယူခဲ့လေတော့ သူဘယ်လိုမှ ခွင့်မလွှတ်နိုင်ခဲ့ဘူးပေါ့။

အဲဒါနဲ့ တတိယ တစ်ယောက်နဲ့ ထပ်တွေ့ခဲ့ရပြန်ရော။ ဒီတစ်ခါတော့ သူ ကံကောင်းခဲ့တာပေါ့။ သူမက ပန်းတွေကို ချစ်တတ်တဲ့အပြင် သူ့အပေါ်မှာလည်း စံပါယ်တစ်ပွင့်လို ရိုးသားခဲ့တယ်လေ။ နံမည်ကလည်း ရိုးရိုးလေးပါပဲ။ ပန်းပွင့်ဖြူတဲ့ ။ ဒါပေမယ့် သူရဲ့ကံကောင်းခြင်းတွေက ဥတုသုံးပါးပြည့်အောင် မခံခဲ့ပါဘူး။ ရည်းစားသက်တမ်း တစ်နှစ်မပြည့်ခင်မှာပဲ နှင်းဆီပင်ကဆူး ဆူးတဲ့ဒါဏ်ရာထဲ မေးခိုင်ပိုးဝင်ရာကတဆင့် သူမဆုံးပါးသွားခဲ့ရတယ်လေ။

အဲဒီအချိန်ကစပြီး နှလုံးသားရေးရာမှာ ခေးအော့စ် တွေချည်းပဲ ဖြစ်ဖြစ်တတ်နေတဲ့ သူ့ကိုယ်သူ သဘောပေါက်သွားပြီး ရည်းစားထပ်မရှာခဲ့တော့တာ ဒီနေ့အထိပဲဆိုပါတော့။ ဒါပေမယ့် သူ့ နောက်ဆုံးချစ်သူကို သတ်ခဲ့တဲ့ ပန်းတွေကိုတော့ သူကစိတ်မနာခဲ့တဲ့ အပြင် ပိုမိုအထီးကျန်လာတဲ့ သူ့ဘ၀ရဲ့ တစ်စုထဲသော အဖော်မွန်လေးတွေအဖြစ် အရင်ကထက်တောင် ပိုလို့တွယ်တာလာခဲ့တယ်။

အဲဒီလို ပန်းပွင့်လေးတွေကို ဖက်တွယ်နေရင်း ပန်းပွင့်နဲ့ဆိုင်တဲ့ တီထွင်ဖန်တီးမှုလေးတွေ လုပ်ချင်တဲ့စိတ်က သူ့ရင်ထဲကို ၀တ်ရည်လို စိမ့်ဝင်လာခဲ့ပြန်တယ်။ ပန်းပင်ပျိုးပြီး ရေလောင်းပေါင်းသင်တဲ့ မာလီတစ်ယောက်လို ချဉ်ခြင်းတက်ပုံမျိုးတော့ မဟုတ်ပါဘူး။ အနုပညာနဲ့ ပတ်သက်တဲ့ ဖန်တီးမှုတစ်ခုခု လုပ်ချင်တဲ့စိတ်ကူးမျိုးကို ပြောတာပါ။ အဲဒီလိုနဲ့ ဟိုးငယ်ငယ်ကတည်းက အခုထိ ယောင်လို့တောင် စိတ်မ၀င်စားခဲ့ဘူးတဲ့ ပန်းချီကို သူ စသင်ခဲ့တော့တာပဲ။ ဖြစ်မြောက်သွားတဲ့ တနေ့ကျရင် အမျိုးမျိုးသော ပန်းပွင့်ပုံတွေကို နှလုံးသွေးတွေ ပွက်ပွက်ဆူသည်အထိ ရေးဆွဲပြစ်လိုက်မယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။

ဒါပေမယ့် သူ့အသွေးအသားတွေထဲမှာ ပန်းချီဗီဇက ၀တ်မှုံတစ်ဆံလောက်တောင် ရှိမနေခဲ့တော့ အချိန်အတော်ကြာတဲ့အထိ သင်ယူခဲ့တာတောင် မျဉ်းဖြောင့်တစ်ကြောင်းကို ဖြောင့်အောင် မဆွဲတတ်ခဲ့ဘူး။ အဲဒီတော့ ကောင်းကင်ဘုံ ဆန်လောက်အောင် နူးညံ့လှပနေတဲ့ ပန်းပွင့်လေးတွေကို ဆွဲတတ်ဖို့ဆိုတာက သူ့အဖို့ ဆောင်းတွင်းမှာ ဂရောက်ဂရက် လျှောက်မက်တတ်တဲ့ အိပ်မက်တစ်ခုလိုပဲ ဖြစ်နေခဲ့တာပေါ့။ အကျိုးဆက်အနေနဲ့ သူ သေကောင်ပေါင်းလည်း ဖြစ်တဲ့အထိ စိတ်ဓါတ်ကျလာခဲ့တော့တာပါပဲ။

အဲဒီမှာ စိတ်ဓါတ်ကျနေတာကို ထွက်ပေါက်ပေးချင်တာရယ်၊ ယောက်ယက်ခတ်နေတဲ့ အတွေးတွေကို ပိုငြိမ်လာအောင်ရယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သူ စီးကရက်တွေကို စဖွာတတ်လာတယ်။ ဒါပေမယ့် ဆေးလိပ်ရဲ့ တိတ်တိတ်ပုန်းပြိုဆင်းမှုတွေကို ဂဃနဏသိထားပြီးတဲ့ သူ တစ်ယောက်အနေနဲ့ တခါတရံ ခေးအော့စ်တွေ အရမ်းဝင်လာတဲ့ အချိန်တွေကလွဲလို့ ဆေးလိပ်ကို တတ်နိုင်သလောက် သူလျှော့သောက်ဖြစ်ခဲ့တယ်။ ဥပမာ...သူ ပန်းပွင့်ပုံတွေ ရေးနေနေရင်းနဲ့ ၀လုံးပုံတွေဖြစ်ဖြစ်သွားတတ်တဲ့ အခါမျိုးတွေဆိုရင်ပေါ့။

ဒီလိုနဲ့တရက်မှာ...သူဆွဲနေတဲ့ ပန်းပွင့်ပုံ စကက်ရှ် (Sketch) တွေက ဘယ်လိုဆွဲဆွဲ ပျားလပို့အုံတွေလို ကိုးယိုးကားယားကြီးတွေ ထွက်လာခဲ့တော့ သူလည်းစိတ်ပျက်ပြီး ဆက်မဆွဲတော့ပဲ ဆေးလိပ်ကို စိတ်ပြေလက်ပျောက် ကောက်ဖွာမိလိုက်တာပေါ့။ အဲဒီအချိန်မှာ သူလုံးဝမမျှော်လင့်ထားတဲ့ အရာတစ်ခုက မိုးပေါ်ကရုတ်တရက်ပြုတ်ကျလာသလို သူ့ရှေ့တည့်တည့်ကို ကျရောက်လို့လာခဲ့တယ်လေ။ နုတ်ခမ်းလွှာတွေကြားက သူ အမှတ်တမဲ့ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက ပန်းဆုပ်ပန်းခိုင်တွေပုံစံမျိုး ဖြစ်နေခဲ့တယ်။ အဲဒါနဲ့ သူ သိပ်အံ့သြသွားပြီး ဆေးလိပ်ကို ထပ်ဖွါကြည့်လိုက်တော့ အခြားပုံသဏ္ဌန်မတူတဲ့ ပန်းဆုပ်ပန်းခိုင်တစ်ခုက ထပ်ထွက်လို့ လာခဲ့လေပြန်ရော။ အဲဒီအခိုက်အတန့်လေးမှာ သူ့ဘ၀ရဲ့အကြီးမားဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့တော့တာပါပဲ။

အဲဒီအချိန်ကစပြီး စိတ်ပျက်ငြီးငွေ့ဖွယ်အတိပြီးတဲ့ စုတ်တံ၊ ဆေးခွက်နဲ့ ကင်းဘတ်စတွေကို ကျောခိုင်းခဲ့ပြီး မီးခိုးငွေ့တွေ ခေါ်ဆောင်ရာနောက်ကိုပဲ သူ တစ်ကောက်ကောက် လျှောက်လိုက်နေမိခဲ့တယ်။ ကင်းဘတ်စ ကြမ်းကြမ်းကြီးတွေပေါ်မှာ အသေကောင်တွေလို မလှုပ်မယှက်ငြိမ်နေတဲ့ ၀လုံးဆန်ဆန်ပန်းပွင့်တွေထက် လေထဲမှာ ယိမ်းနွဲ့ပြီး လွင့်ချင်ရာလွင့်နေတတ်တဲ့ မီးခိုးရောင်ပန်းပွင့်တွေက သူ့မျက်စိတွေထဲမှာ ပိုမိုပဉ္စလက်ဆန်စွာနဲ့ အသက်ဝင်လှပနေခဲ့လို့ပဲပေါ့။

အဲဒီလိုနဲ့ အရင်ကဆေးလိပ်ဆို စိတ်တွေအရမ်းဖိစီးမှ သောက်ဖြစ်ခဲ့တဲ့သူ အခုဆိုရင်တော့ မျက်စိနှစ်လုံးပွင့်တဲ့ အချိန်ကနေပြီး မျက်စိတွေပြန်ပိတ်ချိန်အထိ နှုတ်ခမ်းဖျားကမချတမ်း ပါးစောင်တွေမှာ ခဲထားတတ်နေပြီပေါ့။ အိပ်ခါနီး အချိန်တွေတောင် သူကပက်လက်လှန်ပြီး မျက်နှာကျက်ပေါ် လွင့်ပျံတက်သွားတဲ့ မီးခိုးရောင် ပန်းပွင့်တွေကို တစိမ့်စိမ့်နဲ့ အရသာခံကြည့်နေတတ်ခဲ့ပြီလေ။

မီးခိုးနဲ့ရေးတဲ့ ပန်းချီဆွဲနည်းက သူ ပထမဦးဆုံး စတင်တွေ့ရှိခဲ့တဲ့ ပန်းချီဆွဲနည်းသစ်တစ်ခုပဲပေါ့။ ပါးလှပ်တဲ့ သူ့ရဲ့နှုတ်ခမ်းလွှာတွေက သူ့ရဲ့စုတ်တံ သွယ်လျှလျှတွေပေါ့။ သိပ်လှတဲ့ မီးခိုးရောင်တွေ အမြဲလွှင့်ထုတ်ပေးနေတဲ့ Marlboro စီးကရက် မီးခိုးငွေ့တွေကတော့ သူ့ရဲ့ ပန်းချီဆေးရောင်တွေပေါ့။ ပြီးတော့ သူ့အပေါ်မှာ အုပ်မိုးထားတဲ့ ကောင်းကင်ပြာပြာကြီးကလည်း သူ ဘယ်လိုပဲ ထိုင်ဆွဲဆွဲ ဆွဲလို့မကုန်နိုင်တော့မယ့် သဘာဝရဲ့ ကင်းဘတ်စကြီးပဲပေါ့။

ကိုယ့်ကိုကိုယ် မီးခိုးငွေ့နဲ့ရေးတဲ့ ပဉ္စလက်ပန်းချီဆရာတစ်ယောက်အဖြစ် ခံယူရင်း သူ့ကိုယ်ပိုင်နှုတ်ခမ်းဖြားတွေကနေ ပန်းပုံစံ အမျိုးမျိုးကို ပွင့်အန်စေခဲ့တာ အခုဆို သူ မဆွဲဖူးတဲ့ ပန်းရယ်လို့ ကမ္ဘာပေါ်မှာ မရှိသလောက်ဖြစ်နေခဲ့ပြီလေ။ အမျိုးမျိုးသော ပန်းပွင့်တွေအထဲမှာတော့ ဒန်းစင်းလေဒီ (Dancing Lady) လို ဖွဲ့စည်းဖြစ်တည်ပုံ နက်နဲသိမ်မွေ့လွန်းတဲ့ သစ်ခွပန်းတစ်မျိုးကတော့ သူဖန်တီးခဲ့ကမျှ ပန်းတွေထဲမှာ လက်ရာအမြောက်ဆုံးသော Master Piece တစ်ခုပါပဲ။

ကောင်းကင်ပေါ်ကို ဂါဝန်လေး လှုပ်ခါလှုပ်ခါနဲ့ ပျံပျံတက်သွားတတ်တဲ့ အဲဒီပန်းပျိုမလေးက ဘယ်လိုပဲကြည့်ကြည့် သူ့မျက်စိတွေထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ညင်သာလွန်းနေတယ်။ ကနေတဲ့ ဗိုလ်မလေး သူ့ပါးစပ်ဖျားကနေတိုးထွက်လာပြီး တိမ်တွေကြားထဲမှာ လုံးဝပျောက်ကွယ်သွားတဲ့အထိ လိုက်လိုက်ငေးကြည့်နေရတာက သူ့ရဲ့ အပျော်ဆုံး ဘ၀နေနည်းတစ်ခုပါပဲ။
တခါတလေ ကောင်မလေး အဲဒီလို တစ်ယောက်ထဲ ပျံပျံတက်သွားရတာ သိပ်ပျင်းနေမှာပဲလို့ တွေးမိတဲ့အခါမျိုးတွေဆိုရင်တော့ သူ စီးကရက်ကို အဆက်မပြတ်ရှိုက်ဖွာရင်း ဟောတစ်ပွင့် ဟောတစ်ပွင့်နဲ့ ကောင်မလေးတွေ တိမ်တွေအထိ တောက်လျှောက်တန်းစီနေအောင် လုပ်တတ်တာမျိုးလည်းရှိတတ်တယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ပန်းပင်တွေကိုပဲ ထပ်ခါတလည်းလည်း ပွင့်ပြနေရတာကြာလာတော့ သူပျင်းလာပြန်ရော။ အဲဒီမှာပုံတူတွေကိုပဲ လိုက်လံကူးချနေခဲ့တဲ့ အနုပညာသမားတစ်ယောက် ဘ၀ကိုစွန့်လွှတ်ပြီး ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ပန်းတွေကို အသစ်ဖန်တီးဖို့သူကြိုးစားခဲ့ပြန်တယ်။

အဲဒီလိုနဲ့ သူ့ရဲ့ပထမဦးဆုံးသော ဖန်တီးမှုတွေအနေနဲ့ မြင့်မိုရ်တောင်မှာပဲပျော်တဲ့ မြဉ္ဖူသက္ကနတ်ပန်းလိုပန်းမျိုးနဲ့ တာဝတိံသာ အနောတပ္ပနတ်ရေကန်က ပဒုမ္မာကြာလို ပန်းမျိုးတွေ သူ့နှုတ်ခမ်းဖျားကနေ ပွင့်အာလို့လာခဲ့ပြန်တယ်။ အဲဒီသူ့စိတ်ကူးထဲက ပန်းပွင့်လေးတွေ တိမ်တွေကိုဖောက်ထွင်းပြီး နတ်ပြည်တွေထိအောင်ဝဲပျံလို့ ဟိုမှာတကယ်ပေါက်နေတဲ့ ပန်းအစစ်တွေဘေး သွားကြွေချင်လည်းကြွေကျနေမှာပေါ့။ ဘယ်သူသိနိုင်တာမှတ်လို့။ နတ်ပန်းပွင့်စစ်စစ်တွေက သူ့ပန်းပွင့်လေးတွေနဲ့ တူမတူကို နတ်သမီးလေးတစ်ယောက်လောက်ဆင်းလာပြီး လာပြောပေးမယ်ဆိုရင်တော့ ပိုပြီး ပြီးပြည့်စုံသွားမှာပေါ့။

အဲဒီလို သူ့တစ်သက်စာ နှုတ်ခမ်းနဲ့ရေးခဲ့တဲ့ပန်းချီကားတွေကို ကမ္ဘာကျော်ပြတိုက်ကြီးတွေ (ဒါမှမဟုတ်) နာမည်ကျော်ပန်းချီပြခန်းကြီးတွေမှာ ဘယ်တော့မှချိတ်ဆွဲခွင့်မရခဲ့လည်း သူကတော့ အထူးတလည် ၀မ်းနည်းနေမှာမဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ သူဆွဲခဲ့ပြီးတဲ့ ပန်းချီကားတိုင်းလိုလိုကို ကောင်းကင်ရဲ့နံရံတွေမှာ ခင်းကျင်းပြသပြီး ဖြစ်နေခဲ့လို့ပါပဲ။ ကြည့်လိုက်စမ်းပါဦး။ တစ်ချို့ကလည်း တိမ်တွေပေါ်မှာ တွဲလောင်းခိုလို့၊ တစ်ချို့ကလည်း တိမ်တွေထဲကိုတိုးဝင်ပြီး ပြန်လည်ဖူးငုံလို့၊ တစ်ချို့ကလည်း အထိမ်းအကွပ်မဲ့စွာနဲ့လွင့်ချင်ရာလွင့်လို့၊ တစ်ချို့ကလည်း နတ်ပြည်ရဲ့နံရံတွေအထိတောင် မင်းမူလို့ ကောင်းကင်ယံတစ်ခွင်လုံး သူ့ပန်းချီကားချပ်တွေနဲ့ပဲ ပြည့်နှက်လို့နေတော့တာပေါ့။

တကယ်ဆို ကြောက်မခန်းလိလိ အောင်မြင်ခဲ့တဲ့ အနုပညာလမ်းသစ် ဖောက်ခဲ့သူတစ်ယောက်အနေနဲ့ဒီအချိန်မှာ သူ ဂုဏ်ယူစွာနဲ့အနားယူနေသင့်ခဲ့ပြီပေါ့။ ဆိုလိုတာက သူ့စိတ်ကြိုက်ပန်းပွင့်တွေ တသက်စာဖူးငုံခွင့်ပေးခဲ့တဲ့ သူ့နှုတ်ခမ်းဖျားတွေကို ဆေးလိပ်ငွေ့တွေရှုရှိုက်နေခြင်းကနေ ကင်းလွတ်ခွင့်ပေးသင့်နေပြီလို့။ သူ ဆေးလိပ်ဖြတ်သင့်နေခဲ့ပြီလေ။

ဒါပေမယ့် သူ့ရင်ထဲမှာ အလိုကျမနေတဲ့ အရာတစ်ခုက သူ့ကို အဲဒီစီးကရက်တွေ ဆက်သောက်ဖို့ တွန်းအားပေးခဲ့ပြန်တာပေါ့။ သူဆွဲဆွဲခဲ့သမျှ ပန်းပွင့်တွေက အားလုံး မီးခိုးရောင်လေးတွေချည်းပဲဆိုတော့ အခြားအရောင်တစ်ခုခုကို သူကထပ်လိုချင်နေခဲ့တာလေ။ အဲဒီလို အခြားအရောင်တွေ ထွက်ပေါ်လာနိုးနိုးနဲ့ သူစီးကရက်တွေကို ဆက်ရှိုက်နေခဲ့မိပြန်တာပေါ့။ တစ်ခါတစ်လေ မိုးပေါ်လွင့်ပျံတက်သွားခဲ့တဲ့ ပန်းပွင့်လေးတွေကို ရောင်စုံဆလိုက်မီးတွေထိုးပြီး သူ့အာသာကို ဖြေဖျောက်နိုင်ခဲ့ပေမယ့် သူတကယ် တမ်းတနေခဲ့တာက သူ့နှုတ်ခမ်းလွှာတွေထဲက ထွက်တာနဲ့ ကိုယ်ပိုင်အရောင်တွေ လင်းလက်နေတဲ့ ရောင်စုံပန်းပွင့်လေးတွေကိုပါပဲ။

အဲဒီတော့သူ့ပန်းပွင့်လေးတွေကို မီးခိုးရောင်တစ်ခုပဲ လိမ်းခြယ်ပေးနိုင်မယ့် Marlboro ဆေးလိပ်တွေအစား အခြားအရောင်တွေ ထွက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မသောက်ဖူးသေးတဲ့ စီးကရက်မျိုးစုံကို သူ စသောက်တတ်လာတယ်။ သူ ချောင်းတွေ တဟွတ်ဟွတ်ဆိုးပြီး ရင်တွေသာပိုကျပ်လာခဲ့တယ်။ ဘယ်ဆေးလိပ်ကိုပဲ ကောက်ဖွာလိုက် ကောက်ဖွာလိုက် အဲဒီ မီးခိုးရောင်မိုနိုတုန်း ( Mono Tone ) တွေထဲကနေသူ့ပန်းပွင့်လေးတွေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူက စိတ်မပျက်ခဲ့လေပဲ တစ်နေ့တော့ ရောင်စုံပန်းပွင့်လေးတွေ ထွက်ကိုထွက်လာရမယ်ဆိုတဲ့ မျှော်လင့်ချက် အဖူးအငုံတွေနဲ့ချောင်းတွေတဟွတ်ဟွတ် ဆိုးနေတဲ့ကြားက အမျိုးအမည်မသိတဲ့ ဆေးလိပ်မျိုးစုံကို ထပ်မံရှာဖွေ သောက်သုံးနေခဲ့တော့တာပေါ့။

အဲဒီလိုနဲ့ သူမျှော်လင့်ထားသလိုပါပဲ...နောက်ဆုံးတစ်နေ့မှာတော့ သူ့နှုတ်ခမ်းဖျားတွေထဲကနေ အရောင်တွေ တဖျပ်ဖျပ်တောက်နေတဲ့ ပန်းနီနီတစ်ပွင့် ပွင့်အာလို့ ထွက်လာခဲ့တော့တယ်။ ဒါပေမယ့် အဲဒီပန်းပွင့်က ခါတိုင်းပွင့်နေကျ ပန်းတွေလို မိုးပေါ်ကိုလွင့်စင်ဝဲပျံမသွားပဲ သူ့ရှေ့တည့်တည့်က ပလက်ဖောင်းပေါ်ကိုသာ " ဝေါ့ "ကနည်း အသံကြီးနဲ့ ကြွေကျလို့သွားခဲ့လေတော့ သူနဲနဲတော့ အံ့သြလို့သွားတာပေါ့။

အံ့သြလို့ မဆုံးသေးခင်မှာပဲ သူ့ရင်ဘတ်ထဲကို ဥယျာဉ်အဆွေးကြီးတစ်ခု " ၀ုန်း " ကနည်းပြုတ်ကျလာပြီး သူ့အဆုတ်တွေကို တစ်စစီဖြစ်သွားအောင် ဆွဲခြေဆုတ်မွှာပြစ်လိုက်တယ်။ အဲဒီတော့ သူလည်း ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ပဲ ပလက်ဖောင်းပေါ်မှာ ပွက်ပွက်ဆူနေတဲ့ ခုနကပန်းပွင့်နီနီကြီးပေါ်ကို မှောက်ယက်လည်းကျသွားတော့တာပေါ့။ ပြီးတော့ ပန်းပွင့်ကြီးကို တစ်ယုတစ်ယဆုပ်ကိုင်ရင်းနဲ့ပဲ သူတစ်ဖြေးဖြေးငြိမ်ကျလို့သွားခဲ့တယ်။

သူ့လက်တွေထဲမှာ စေးထန်းထန်းနဲ့ကပ်နေတဲ့ အဲဒီပန်းပွင့်ကြီးကတော့ အဆုတ်သွေးကျောတွေ ပေါက်ထွက်ပြီး မသေဆုံးခင် သူ နောက်ဆုံးရေးချယ်ခွင့်ရလိုက်တဲ့ သူ့ဘ၀ရဲ့နောက်ဆုံး ပန်းပွင့် ခေါ့် နူတ်ဆက်ပန်းပွင့်ပါပဲ။ ဒါပေမယ့် သူသတိမထားမိခဲ့တာက သူဆေးလိပ်စသောက်တတ်တဲ့ နေ့ကတည်းကစပြီး အဲဒီပန်းပွင့်ကြီး သူ့ရင်ပတ်ထဲမှာ စငုံနေခဲ့တယ် ဆိုတာကိုပါ။

<မင်းတစေ>